အွန်လိုင်းလိမ်လည်မှုကိုတိုက်ဖျက်ရန်အကြောင်းပြ၍ MNDAA နှင့် TNLA အဖွဲ့က နယ်မြေချဲ့ထွင်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အွန်လိုင်းလိမ်လည်မှုကိုတိုက်ဖျက်ရန်အကြောင်းပြ၍ MNDAA နှင့် TNLA အဖွဲ့က နယ်မြေချဲ့ထွင်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 10 July 2024

အွန်လိုင်းလိမ်လည်မှုကို တိုက်ဖျက်ရန် အကြောင်းပြ၍ MNDAA  နှင့် TNLA အ ဖွဲ့က နယ်မြေချဲ့ထွင် တိုက်ခိုက်မှုများ လုပ် ဆောင်နေကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

" ယခု လားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့ကစပြီး တိုက်ခိုက်လာပြီး နေ့စဉ် အဝေးကနေ ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၈ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့သိမ်းပိုက်ခဲ့တဲ့ နယ်မြေတိုင်းမှာ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ ပျက်သုန်းခဲ့ရပါတယ်။ လားရှိုးမြို့မှာ ထင်ရှားတဲ့ လားရှိုးလေဆိပ်အနီးက တရုတ် ဖာ့ရွန်ဘုံကျောင်းကို မနေ့က မနက် ၇ နာရီမှာ ဒရုန်းနဲ့ Drop Bomb ချ တိုက်ခိုက်ခဲ့ပါတယ်။ လားရှိုးမှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးများအပါအဝင် ဒေသခံပြည်သူလူထုကလည်း ဒီ MNDAA နဲ့ အပေါင်းအပါ အဖွဲ့တွေကို အလိုမရှိကြောင်း ဆန့်ကျင်လျက် ရှိပါတယ်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေနဲ့ မြို့ခံလူထု ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာက MNDAA နဲ့ TNLA တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြို့၊ ရွာများ၊ အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် အထူးအလေးထားပြီး နိုင်ငံတော်အစိုးရနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့ မေတ္တာရပ်ခံ ပန်ကြားလိုပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ၂၇ ရက်တွင် MNDAA အဖွဲ့သည် TNLA၊ AA အဖွဲ့တို့နှင့်ပူးပေါင်းပြီး အထူးဒေသ( ၂) "ဝ" ဒေသကတစ်ဆင့် နမ့်တစ်ချောင်းကို ဖြတ်ကူးကာ တရုတ်-မြန်မာ နယ်စပ်မြို့ ချင်းရွှေဟော်မြို့ကို စတင်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် TNLA အဖွဲ့သည် နမ့်ခမ်း၊ သိန္ဒီ၊ ကွတ်ခိုင်မြို့များကိုလည်း တစ်ပြိုက်နက်တည်း နှောက်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို သိန္ဒီ၊ ကွမ်လုံမြို့နှင့် လောက်ကိုင်မြို့တစ်ဝိုက်ကိုလည်း စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၂ ရက်တွင် TNLA အဖွဲ့သည် မန်တုံဒေသတစ်ဝိုက်ကို တိုက်ခိုက်ခဲ့ပြီး နမ္မတူဒေသနှင့် နမ္မတူမြို့ကိုလည်း TNLA ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက "၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ MNDAA ပူးပေါင်းအဖွဲ့ဟာ ဟိုပန်ဒေသနဲ့ ဟိုပန်မြို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ TNLA ပူးပေါင်းအဖွဲ့ဟာ နောင်ချိုနဲ့ ကျောက်မဲဒေသတစ်ဝိုက်ရှိ လုံခြုံရေးစခန်းတွေနဲ့ နောင်ချို၊ ကျောက်မဲမြို့တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင်လ ၃ ရက်နေ့မှာ MNDAA ပူးပေါင်းအဖွဲ့ဟာ လားရှိုးမြို့ဝန်းကျင်ကို စတင်တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံးတွေ၊ ဒရုန်းတွေနဲ့ Drop Bomb ချ တိုက်ခိုက်တာတွေကို နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"ဟု ပြောကြားသည်။

 MNDAA အဖွဲ့အနေဖြင့် ချင်းရွှေဟော်ဒေသတစ်ဝိုက်နှင့် ကိုးကန့်နယ်မြေကို စတင်တိုက်ခိုက်ခြင်းသည် ကျားဖြန့်ဟုခေါ်သည့် အွန်လိုင်းလောင်းကစားမှု၊ လိမ်လည်မှုကို တိုက်ဖျက်ရန်ဆိုသည့် ခေါင်းစဉ်နှင့် စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

" လောက်ကိုင်ဒေသ အပါအဝင် နယ်စပ်ဒေသတွေမှာဖြစ်ခဲ့တဲ့ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှုတွေဟာ လောက်ကိုင်ဆိုရင် ဟိုတယ်တွေ၊ လျှို့ဝှက်နေရာတွေမှာ ပုန်းသျှိုးကွယ်သျှိုး ဆောင်ရွက်ကြတာဖြစ်လို့ နိုင်ငံတော်အစိုးရအဖွဲ့အနေနဲ့တော့ သိရှိခဲ့ခြင်း မရှိပါဘူး။ လိမ်လည်မှုများကို တရုတ်နိုင်ငံကနေ တိမ်းရှောင်လာတဲ့ တရုတ်ရာဇဝတ်သားတွေက ပြုလုပ်ခဲ့တာဖြစ်ပြီး လောင်းကစားသူများ၊ လိမ်လည်ခံရသူ အများစုဟာလည်း တရုတ်နိုင်ငံသားများသာဖြစ်လို့ မြန်မာနိုင်ငံက အများစုက သိရှိခဲ့ခြင်း မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီကျားဖြန့်ကိစ္စကို သိရှိတာနဲ့တစ်ပြိုင်နက် တရုတ်နိုင်ငံနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး နှိမ်နှင်းခဲ့ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက် ကိုးကန့်ဒေသတွင်သာမက အခြားနယ်စပ်ဒေသများတွင်လည်း ဆောင်ရွက်ခဲ့ကြောင်း၊ ဇူလိုင် ၈ ရက်နေ့အထိ မိုင်းပေါက်ဒေသ၊ လောက်ကိုင်ဒေသ၊ တာချီလိတ်ဒေသ၊ မူဆယ်ဒေသ၊ မြဝတီ၊ ရွှေကုက္ကုကို၊ KK Park စသည့်နေရာများ ဖော်ထုတ်ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၅၁၈၅၁ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၁၄၃ ဦး၊ ထိုင်းနိုင်သား ၆၄၀ ဦး အပါအဝင် ၂၁၅၀ ဦး သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက " နောက်ပိုင်းမှာ MNDAA ဟာ ကိုးကန့်နယ်မြေ အထူးဒေသ(၁) ရရှိရေးဆိုပြီး လုပ်ဆောင်လာပါတယ်။ အကြမ်းဖက် NUG အဖွဲ့နဲ့တွေ့ဆုံပြီး သူတို့နယ်မြေတွေကို လိုက်ပြတာတွေ၊ ဆွေးနွေးတာတွေ လုပ်လာတဲ့အပြင် ကိုးကန့်ဒေသရဲ့ ပြင်ပကိုပါ ဆက်လက်နယ်မြေချဲ့ထွင် တိုက်ခိုက်လာတာ တွေ့ရပါတယ်။ NUG အဖွဲ့ရဲ့ အသံကိုလိုက်ပြီး ပြောကြားနေတာတွေကိုလည်း တွေ့ရပါတယ်။ ကိုးကန့်နယ်မြေထဲက ကလေးငယ်များမကျန် လူသစ်စုဆောင်းတာတွေ၊ ကိုးကန့်ဒေသအတွင်းမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ ဗမာ အပါအဝင် တိုင်းရင်းသား အလုပ်သမားတွေကို ဖမ်းဆီးပြီး MNDAA ထဲကိုသွင်းပြီး တိုက်ပွဲဝင်ခိုင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်" ဟု ပြောကြားသည်။

MNDAA အဖွဲ့နှင့် TNLA အဖွဲ့များသည် စာသင်ကျောင်းများကို ပိတ်ပစ်ခြင်းများ၊ စာစင်ကြားမှုများကို ပိတ်ပင်ခြင်းများကို လုပ်ဆောင်လာခဲ့ကြောင်းနှင့် လက်ရှိတွင်လည်း ယင်းဒေသများတွင်ရှိသည့် လက်နက်ကိုင်အဖွဲ့များအချင်းချင်း နယ်မြေအငြင်းပွားမှုများလည်း ဖြစ်ပွားနေသည်ကို တွေ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent