လိဂ်ဖလားဗိုလ်လုပွဲကို ဂျိုတာနှင့် ကာတစ်ဂျုံးစ် လွဲချော်မည်ဖြစ်ပြီး ဆိုဘိုဆလိုင်းနှင့် အယ်လစ်ဆန်လည်း ပါဝင်ကစားရန် မသေချာ

လိဂ်ဖလားဗိုလ်လုပွဲကို ဂျိုတာနှင့် ကာတစ်ဂျုံးစ် လွဲချော်မည်ဖြစ်ပြီး ဆိုဘိုဆလိုင်းနှင့် အယ်လစ်ဆန်လည်း ပါဝင်ကစားရန် မသေချာ
Photos: Getty Images
Photos: Getty Images
Published 21 February 2024

 

လာမည့်ဖေဖော်ဝါရီ ၂၅ ရက်၌ ချယ်လ်ဆီးအသင်းနှင့်ကစားမည့် လိဂ်ဖလားပြိုင်ပွဲ (Carabao Cup) ဗိုလ်လုပွဲကို လီဗာပူးလ်အသင်းသားများဖြစ်သည့် တိုက်စစ်ကစားသမား ဂျိုတာနှင့် ကွင်းလယ်လူ ကာတစ်ဂျုံးစ်တို့ လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

ဂျိုတာနှင့် ကာတစ်ဂျုံးစ်သည် ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ဘရန့်ဖို့ဒ်အသင်းအား (၄-၁)ဂိုးဖြင့် အနိုင်ရသည့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲတွင် ဒဏ်ရာအသီးသီးရခဲ့ပြီး ပထမပိုင်းမပြီးမီမှာပင် လူစားလဲခဲ့ရသည်။ ၎င်းတို့နှစ်ဦး၏ဒဏ်ရာအား Scan စစ်ဆေးပြီးနောက် ကာလတစ်ခုကြာ အနားယူရမည်ဖြစ်ပြီး ဝင်ဘလေကွင်းတွင်ကစားမည့် လိဂ်ဖလားဗိုလ်လုပွဲကို လွဲချော်ရန် သေချာသွားခဲ့သည်။ 

ဂျိုတာသည် ဒူးဒဏ်ရာ ရရှိခဲ့ပြီး ကာတစ်ဂျုံးစ်မှာမူ တံကောက်ကြောဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ လီဗာပူးလ်အသင်းသည် ယင်းကစားသမားနှစ်ဦး အနားယူရမည့်ကာလအတွက် စမ်းသပ်မှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး ဂျိုတာ၏ဒဏ်ရာမှာ ပိုမိုပြင်းထန်ကာ နှစ်လခန့် အနားယူရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။  ဘရန့်ဖို့ဒ်နှင့်ပွဲတွင် ပထမပိုင်းအပြီး လူစားလဲခဲ့ရသည့် တိုက်စစ်မှူး နူးနက်ဇ်၏ ကြွက်သား ဒဏ်ရာမှာမူ မပြင်းထန်ဘဲ လိဂ်ဖလား ဗိုလ်လုပွဲတွင် ပြန်လည်ပါဝင်လာဖွယ် ရှိနေသည်။ 

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက် ဘန်လေအသင်းအား ၃-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် နောက်ခံလူ အာနိုးလ် ဒူးဒဏ်ရာထပ်ရခဲ့ပြီး အနားယူရမည့် ကာလကိုမသိရသော်လည်း လိဂ်ဖလားနှင့် လွဲချော်ရရန်သေချာကြောင်းကို ဖေဖော်ဝါရီ ၁၄ ရက်က သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဂိုးသမား အယ်လစ်ဆန်မှာမူ ဖေဖော် ၀ါရီလ ၁၆ ရက် လေ့ကျင့်ရေးတွင် တံကောက် ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ 

အယ်လစ်ဆန်နှင့် ဆိုဘိုဆလိုင်းမှာ လက်ရှိအခြေအနေတွင် ဒဏ်ရာပြန်သက်သာလာပြီဖြစ်သော်လည်း လိဂ်ဖလားဗိုလ်လုပွဲအမီ ကြံ့ခိုင်မှုပြည့်ဝနိုင်ရန် မသေချာကြောင်း သိရသည်။ လီဗာပူးလ်အသင်းတွင် သီယာဂို၊ ဘာဂျီတစ်၊ မာတစ်နှင့် ဘင်ဒုတ်စသည့် ကစားသမားများလည်း ဒဏ်ရာပြဿနာများကြောင့် အသီးသီး အနားယူနေရလျက်ရှိသည်။ လီဗာပူးလ်အသင်းသည် လိဂ်ဖလားဗိုလ်လုပွဲမတိုင်မီ ဖေဖော်ဝါရီ ၂၁ ရက်၌ လူတန်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ် ရှိနေသောကြောင့် ယင်းပွဲတွင်လည်း အမာခံ ကစားသမားအများအပြား မပါဝင်နိုင်ဘဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

လီဗာပူးလ်အသင်းအနေဖြင့် ယခုကဲ့သို့ ဒဏ်ရာပြဿနာများ ကြုံတွေ့နေရသော်လည်း လိဂ်ဖလားဗိုလ်လုပွဲ၌ ချန်ပီယံဆုရရှိရန် ချယ်လ်ဆီးအသင်းထက် ပိုမိုရေပန်းစားနေဆဲဖြစ်သည်။ လိဂ်ဖလားပြိုင်ပွဲတွင် အအောင်မြင်ဆုံးအဖြစ် လီဗာပူးလ်အသင်းက ချန်ပီယံဆုအား ၁၀ ကြိမ်အထိ ရရှိထားပြီး ချယ်လ်ဆီးအသင်းက ငါးကြိမ် ဗိုလ်စွဲထားကြောင်း သိရသည်။

Most Read

Most Recent