မြောက်ကိုရီးယား၏ မြေပြင်မှရေပြင်ပစ်ဒုံးကျည် စမ်းသပ်မှုကို ကင်ဂျုံအွန် ကြီးကြပ်ကွပ်ကဲ

မြောက်ကိုရီးယား၏ မြေပြင်မှရေပြင်ပစ်ဒုံးကျည် စမ်းသပ်မှုကို ကင်ဂျုံအွန် ကြီးကြပ်ကွပ်ကဲ
ဖေဖော်ဝါရီ ၁၄ ရက်တွင် မြောက်ကိုရီးယားက အရှေ့ပင်လယ်ဆီသို့ Padasuri-6 မြေပြင်မှရေပြင်ပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်နေစဉ် (Photo:AFP)
ဖေဖော်ဝါရီ ၁၄ ရက်တွင် မြောက်ကိုရီးယားက အရှေ့ပင်လယ်ဆီသို့ Padasuri-6 မြေပြင်မှရေပြင်ပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်နေစဉ် (Photo:AFP)
Published 15 February 2024

ပင်လယ်ရေကြောင်း နယ်နိမိတ် လုံခြုံရေးအတွက် အားဖြည့်လုပ်ဆောင်နေသည့် လတ်တလော ကြိုးပမ်းမှုအဖြစ် မြောက်ကိုရီးယား၏ မြေပြင်မှရေပြင်ပစ် ဒုံးကျည်အမျိုး အစားသစ် စမ်းသပ်မှုကို ခေါင်းဆောင်ကင် ဂျုံအွန် ကြီးကြပ်ကွပ်ကဲခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖော်ပြခဲ့ သည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် မြောက်ကိုရီးယားက တောင်ကိုရီးယားကို ၎င်းတို့၏ အဓိကရန်သူအဖြစ် သတ်မှတ်ကြေညာခဲ့ပြီး ပြန်လည်ပေါင်းစည်းရေးအတွက် ရည်ရွယ်၍ ဖွဲ့စည်းထားသည့် ဌာနများကိုလည်း ဖျက်သိမ်းကာ စစ်ဖြစ်လာလျှင် တောင်ကိုရီးယားကို သိမ်းပိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားသည် ခရုစ်ဒုံး ကျည်စမ်းသပ်မှုများ ဆက်တိုက်လုပ်ဆောင်ခြင်း၊ ရေအောက်နျူကလီးယား လက်နက်စနစ် စမ်းသပ်ခြင်းနှင့် အခဲလောင်စာသုံး ဟိုက်ပါဆောနစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ခြင်းကဲ့သို့သော လက်နက်စမ်းသပ်မှု အမျိုးမျိုးကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

မြောက်ကိုရီးယားက ခရုစ်ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်ကို ထောက်လှမ်းသိရှိရသည်ဟု တောင်ကိုရီးယား စစ်တပ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် Korean Central News Agency(KCNA) က ခေါင်းဆောင်ကင်ဂျုံအွန်သည် ရေတပ်တွင် တပ်ဆင်အသုံးပြုမည့် Padasuri-6 မြေပြင်မှ ရေပြင်ပစ် ဒုံးကျည်အမျိုးအစားသစ်ကို စမ်း သပ်ပစ်ခတ်မှုအား အကဲဖြတ်မှုကို ကြီးကြပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

ကင်သည် လက်တွေ့စမ်းသပ်ပစ်ခတ်မှု ရလဒ်ကို အလွန်ကျေနပ်အားရကြောင်း ပြောကြားခဲ့သည်ဟုလည်း KCNA က ဆိုသည်။ ယင်းဒုံးကျည်များသည် အရှေ့ပင်လယ်ပေါ်တွင် စက္ကန့် ၁,၄၀၀ ကြာ ပျံသန်းပြီးနောက် သတ်မှတ်ထားသည့် ပစ်မှတ်များကို ထိမှန်ခဲ့သည်ဟု တစ်ဆက်တည်းတွင် KCNA က ဖော်ပြခဲ့သည်။

တောင်ကိုရီးယားက မြောက်ကိုရီးယား၏ ရေပြင်နယ်နိမိတ်ထဲသို့ စစ်သင်္ဘော အမျိုးမျိုး ကျူးကျော်ဝင်ရောက်စေကာ မိမိတို့၏ အချုပ်အခြာအာဏာကို ထိပါးချိုးဖောက်နေသည်ဟု ကင်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားက မြောက်ပိုင်းကန့်သတ်မျဉ်းကို ထိန်းသိမ်းရန် အပြင်းအထန် ကြိုးပမ်းနေခြင်းကို ကင်က ရှုတ်ချခဲ့ပြီးမြောက် ကိုရီးယားအနေဖြင့် ပင်လယ်ရေကြောင်းဆိုင်ရာ အချုပ်အခြာအာဏာကို အပြောသက် သက်ဖြင့်မဟုတ်ဘဲ လက်နက်အင်အား၊ လက်တွေ့လုပ်ဆောင်မှုများဖြင့် ကာကွယ်မည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

မြောက်ပိုင်းကန့်သတ်မျဉ်းကို လုံးဝအသိအမှတ်ပြုတော့မည် မဟုတ်ဟု ယခုနှစ်အစောပိုင်းတွင် ကင်က ပြောကြားထားသည်။

မြောက်ကိုရီးယားက စစ်လက်နက် အင်အားပြသမှုများကို ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် ပြိုင်ဘက် တောင်ကိုရီးယားကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

အတွဲလိုက် ဒုံးပစ်လောင်ချာ ထိန်းချုပ်မှု စနစ်သစ်ကို အောင်မြင်စွာတီထွင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယား ကာကွယ်ရေး သိပ္ပံအကယ်ဒမီသည် ပြောင်းအချင်း ၂၄၀ မမရှိသည့် အတွဲလိုက် ဒုံးပစ်လောင်ချာ၏ ပစ်ခတ်ထိန်းချုပ်မှု စနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

အလွန်ကြီးမားသော ဒုံးကျည်ထိပ်ဖူးအသစ်များ တပ်ဆင်ထားသည့် ခရုစ်ဒုံးကျည်များနှင့် လေယာဉ်ပစ်ဒုံးကျည် အမျိုးအစားသစ်တို့ကို စမ်းသပ်ခဲ့သည်ဟုလည်း မြောက်ကိုရီးယားက ဖေဖော်ဝါရီ ၂ ရက်တွင် ပြော ကြားခဲ့သည်။

မြောက်ကိုရီးယား၏ ခရုစ်ဒုံးကျည် စမ်းသပ်မှုများသည် ယူကရိန်းစစ်မြေပြင်တွင် ရုရှားအသုံးပြုနိုင်ရန်အတွက် မော်စကိုသို့ မပေးပို့မီ ကြိုတင်စမ်းသပ်နေပုံရသည်ဟု ကျွမ်းကျင်သူများက ယူဆလျက်ရှိသည်။

                                      Ref:AFP

Most Read

Most Recent