ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံနှင့်ပတ်သက်၍ သီးသန့်အစည်းအဝေး ပြုလုပ်မည်

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံနှင့်ပတ်သက်၍ သီးသန့်အစည်းအဝေး ပြုလုပ်မည်
Photo - UN
Photo - UN
Published 5 February 2024

လုံခြုံရေး ကောင်စီသည် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီ ၅ ရက်တွင် သီးသန့်အစည်းအဝေးကျင်ပမည်ဟု  ဖေဖော်ဝါရီ ၄ ရက်၌ လုံခြုံရေးကောင်စီသတင်း ဝက်ဆိုက်က ဖော်ပြထားသည်။

အသစ်ခန့်အပ်ခံရသော မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အလောင်းကွန်းခစ်တီခွန်းနှင့် အရှေ့အလယ် ပိုင်း၊ အာရှ၊ ပစိဖိတ်တို့အတွက် လက်ထောက်အတွင်းရေးမှူးချုပ် မိုဟာမက်ခါလစ်ခီယာရီတို့က အစီရင်ခံတင်ပြသွားမည်ဟု ဖော်ပြထားသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်သော ဗြိတိန်သည် ခစ်တီခွန်းထံမှ နောက်ဆုံးအခြေအနေကို သိရှိရန် ဖေဖော်ဝါရီ ၅ ရက် လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

ခစ်တီခွန်း သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုရယူခဲ့သော လာအိုနိုင်ငံက ခန့်အပ်ခဲ့သည့် လာအိုသံတမန်ဖြစ်ပြီး ဇန်နဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီလထဲတွင် အာဆီယံက ချမှတ်ခဲ့သော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဘုံသဘောတူညီချက်ငါးရပ်ကို အထောက်အကူဖြစ်စေရန် လာအိုက ဆောင်ရွက်မည့်အဆင့်များကို ဖေဖော်ဝါရီ ၅ ရက်လုံခြုံရေးကောင်စီ အစည်းအဝေးက ခစ်တီခွန်ထံမှ စိတ်ဝင်တစား နားထောင်ဖွယ်ရှိနေသည်။

ထို့အပြင် ခစ်တီခွန်းသည် ဇန်နဝါရီ ၁၀ ရက်တွင် မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီး နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သည့်အကြောင်းကိုလည်း တင်ပြမည်ဟု မျှော်လင့်ရသည်။

နစကဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ခစ်တီခွန်းတို့သည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့အတွက် အစိုးရ၏ကြိုးပမ်းအားထုတ်မှုများအကြောင်းကို ဆွေးနွေးခဲ့ကြသည်ဟု  နစကက သတင်းထုတ်ပြန်ထားသည်။

ခစ်တီခွန်းသည် NCA သဘောတူစာချုပ်ကို လက်မှတ်ထိုးခဲ့သော တိုင်းရင်း သားလက်နက်ကိုင်အုပ်စုများ၏ ခေါင်းဆောင်အချို့ကိုလည်းတွေ့ဆုံခဲ့သည်ဟု မီဒီယာကဖော်ပြခဲ့သည်။

ထို့အပြင် ခစ်တီခွန်းသည် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကို ရောက်ရှိနေချိန်တွင် အခြားတိုင်းရင်းသားလက်နက် ကိုင်အုပ်စုများနှင့်လည်းတွေ့ဆုံခဲ့ပုံရသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ နှစ်စဉ် အစည်းအဝေးအကြောင်းကိုလည်း စိတ်ဝင်တစားနားထောင်မည့်ပုံရှိသည်။ အဆိုပါအစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်တွင် ကျင်းပခဲ့သည်။

အလားတူ အရှေ့အလယ်ပိုင်း၊ အာရှ၊ ပစိဖိတ်တို့အတွက် လက်ထောက်အတွင်းရေးမှူးချုပ်ခီယာရီသည် နိုင်ငံရေးအခြေအနေ၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတို့နှင့်စက်လျဉ်းသည့် နောက်ဆုံးအခြေအနေတို့ ကိုတင်ပြမည်ဟု မျှော်လင့်ရသည်။၎င်းသည် မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူခဲ့သည့် သုံးနှစ်ပြည့် နှစ်ပတ်လည်အကြိုနေ့တွင် ထုတ်ပြန်ပေးခဲ့သည့် အတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာ ရက်စ်၏ ဇန်နဝါရီ ၃၁ ရက် ထုတ်ပြန်ချက်တွင် ပါဝင်သည့် အဓိကအချက်များကို ထပ်လောင်းတင်ပြဖွယ်ရှိနေသည်။ အတွင်းရေးမှူးချုပ်၏ထုတ်ပြန်ချက်တွင် အကြမ်းဖက်မှုပုံစံမျိုးစုံကို ရှုတ်ချထားပြီး အရပ်သားပြည်သူများကို အကာအကွယ်ပေးရန်နှင့် တိုက်ပွဲများ ရပ်ရန်တောင်းဆိုထားသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများသည် မကြာသေးမီက နိုင်ငံရေးဆိုင်ရာ ဖြစ် ပေါ်တိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ခီယာရီ၏သုံးသပ်တင်ပြချက်များကိုလည်း စိတ်ဝင်စားမည့်ပုံရှိနေသည်။

Ref: Security Council Report

Most Read

Most Recent