ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ Thai Fight ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် နောင်ဘော်ကို ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရ

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ Thai Fight ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် နောင်ဘော်ကို ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရ
Photo: Thai Fight
Photo: Thai Fight
Published 5 February 2024

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် နောင်ဘော်ကို ပထမအချီမှပင် အလဲထိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

Thai Fight Rajabhakti Park ဟု အမည်ရသည့် မွေထိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၄ ရက်က ထိုင်းနိုင်ငံရှိ ဟွာဟင်းခရိုင်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဘရော်နီကာသည် ယင်းပြိုင်ပွဲ၏ အမျိုးသမီး ၅၄ ကီလိုတန်းတွင် အသက်(၂၂) နှစ်ရှိ ပြိုင်ဘက် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် နောင်ဘော်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသူ မွေထိုင်းမယ် နောင်ဘော်သည် မွေထိုင်းပြိုင်ပွဲများတွင် ၄၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁၀ ပွဲရှုံး ရလဒ် ရှိထားသူဖြစ်သည်။

ဘရော်နီကာသည်   တာစအလွှတ်တွင် ပြိုင်ဘက်ကစားသမား၏ အရိပ်အခြည်ကို အကဲခတ်သည့်အနေဖြင့် ထိန်းကစားခဲ့သလို ထိုင်းနိုင်ငံသူ မွေထိုင်းမယ် နောင်ဘော်မှာလည်း ဘရော်နီကာ၏ အရှိန်ကြောင့် အတင်းမဝင်ရဲဘဲ ထိန်းကစားနေခဲ့ရာ ကြိုးဝိုင်ဒိုင်မှ နှစ်ဦးစလုံးကို သတိပေးမှုပြုလုပ်ခဲ့ရသည်။

ထို့နောက် ဘရော်နီကာသည် နင်းခြေ၊ အောက်ခြေကန်ချက်များကို အသုံးပြုခဲ့သလို ဘယ်ညာတွဲလုံးများကို ခပ်စိပ်စိပ်အသုံးပြုကာ ပြိုင်ဘက်ကို ဖိအားပေးခဲ့သည်။

ဘရော်နီကာသည် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် နောင်ဘော်၏ နံကြားနှင့် ဝမ်းဗိုက်တို့ကို ဘယ်ညာတွဲလုံးများဖြင့် ဆက်တိုက်ထိုးသတ်ခဲ့ရာ နောင်ဘော်မှာ ဖင်ထိုင်ကျပြီး အမှတ်စဉ် ရေတွက်ခံခဲ့ရသည်။

ပြန်အလွှတ်တွင်လည်း ဘရော်နီကာက နောင်ဘော်၏ ဝမ်းဗိုက်ကို ဘယ်လက်သီးနှစ်ချက် ဆက်တိုက်ပစ်သွင်းခဲ့ရာ ဖင်ထိုင်ကျခဲ့ပြီး ကြိုးဝိုင်ဒိုင်မှ ဝင်တားကာ ဘရော်နီကာကို အလဲထိုးဖြင့် အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

ဘရော်နီကာသည် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ၂၀၂၃ Thai Fight Queen's Cup ဗိုလ်လုပွဲအဖြစ် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီမှာပင် အလဲထိုးခဲ့ပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။

ဘရော်နီကာသည်  Thai Fight က ဦးဆောင်ကျင်းပသည့် အမျိုးသမီးမွေထိုင်းပြိုင်ပွဲများတွင်(၁၇) ပွဲဆက်တိုက် အနိုင်ရထားပြီး ယင်းပွဲများအနက် (၉) ပွဲကို အလဲထိုးဖြင့် အနိုင်ရထားကာ Thai Fight Queen's Cup ၏ (၂)နှစ်ဆက်ချန်ပီယံလည်းဖြစ်သည်။

 

Most Read

Most Recent