ဖူးခက်တွင် ဖမ်းဆီးခံလိုက်ရသည့် ရုရှားရော့ခ်ဂီတအဖွဲ့နှင့်ပတ်သက်ပြီး ထိုင်းလုံခြုံရေးကောင်စီ စစ်ဆေးဆုံးဖြတ်မည်

ဖူးခက်တွင် ဖမ်းဆီးခံလိုက်ရသည့် ရုရှားရော့ခ်ဂီတအဖွဲ့နှင့်ပတ်သက်ပြီး ထိုင်းလုံခြုံရေးကောင်စီ စစ်ဆေးဆုံးဖြတ်မည်
Published 31 January 2024
Ref:AFP

ထိုင်း နိုင်ငံ တွင် လူဝင်မှုကြီးကြပ်ရေးစွဲချက်များဖြင့် ဖမ်းဆီးခံထားရသည့် ရုရှား-ဘယ်လာရုစ် ရော့ခ်ဂီတအဖွဲ့နှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်နှင့်လုံခြုံရေးအကြီးအကဲများပါဝင်သည့် ထိုင်းလုံခြုံရေးကောင်စီက စစ်ဆေးအဆုံးအဖြတ်ပေးမည်ဟု ဝန်ကြီးတစ်ဦးက ဇန်နဝါရီ ၃၁ ရက်တွင်ပြောကြားသည်။

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ယူကရိန်းစစ်ပွဲကို ဝေဖန်ထားသည့် Bi-2 ရော့ခ်ဂီတအဖွဲ့သည် ပြီးခဲ့သည့်သီတင်းပတ်က ဖူးခက်ကျွန်းတွင် ဖျော်ဖြေပွဲပြုလုပ်ပြီးနောက် ဖမ်းဆီးခံလိုက်ရပြီး ၊ လူ့အခွင့်အရေးအဖွဲ့ Human Rights Watch (HRW) က ၎င်းအဖွဲ့ရုရှားသို့ ပြန်ရောက်ပါက အပြစ်ပေးခံရမည်ဖြစ်ပြီး ထိုင်းဘက်က ၎င်းအဖွဲ့ကို အမြန်ဆုံးလွှတ်ပေးသင့်သည်ဟု တောင်းဆိုထားသည်။

သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဖန်ပရီ ဘာဟီဒါ နူခါရာ က Bi-2 ဖြစ်စဉ်ကို အမျိုးသားလုံခြုံရေးကောင်စီက စစ်ဆေးနေကြောင်း၊ အဖွဲ့ဝင်များ၏နာမည်၊ မည်သည့်နိုင်ငံသား စသဖြင့်အသေးစိတ်ကို စစ်ဆေးနေကြောင်း၊ အဖွဲ့ဝင်များက ဥပဒေကိုချိုးဖောက်ထားခြင်းမရှိပါက ၎င်းတို့ကိုနှင်ထုတ်မည်မဟုတ်ကြောင်း၊ ဥပဒေချိုးဖောက်ခဲ့လျှင်မူ ဥပဒေလမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။Bi-2 အဖွဲ့ဝင်အချို့က နိုင်ငံသားနှစ်ခု ခံယူထားသည်။

အမျိုးသားလုံခြုံရေးကောင်စီသည် ထိုင်းဝန်ကြီးချုပ်ထာဝီဆင် က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ထိပ်ပိုင်းအစိုးရဝန်ကြီးများ၊ ရဲအရာရှိကြီးများဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့၊ လုံခြုံရေးမူဝါဒများကို ညှိနှိုင်းဆောင်ရွက်ရန် ဖွဲ့ထားသည့် အဆင့်မြင့်အဖွဲ့အစည်းဖြစ်သည်။

Bi-2 အဖွဲ့ပြန်လွတ်မြောက်အောင်  ထိုင်းအစိုးရအနေဖြင့် အဖြေရှာရန်လိုကြောင်း ပြည်ပတွင်တိမ်းရှောင်နေသည့် ဘယ်လာရုစ်အတိုက်အခံခေါင်းဆောင် တီခါနော့ဆကာယာကလည်း တိုက်တွန်းထားသည်။ ၎င်းဂီတအဖွဲ့သည်  ရုရှားတွင် လူသိများပြီး ၂၀၂၂ ခုနှစ်က ယူကရိန်းစစ်ပွဲကိုထောက်ခံသည့် စာတန်းများရှိရာ ကွင်းတစ်ခုတွင် ဖျော်ဖြေရန်ငြင်းခဲ့သည့်ကိစ္စဖြင့် ဖျော်ဖြေပွဲအချို့ ဖျက်သိမ်းခံလိုက်ရသည်။နောက်ပိုင်း ရုရှားမှ ၎င်းအဖွဲ့ထွက်ခွာလာခဲ့သည်။ 

 

 

Most Read

Most Recent