ခန်းယူနစ်မြို့ရှိ စစ်ဘေးရှောင်များခိုလှုံရာ ကုလသမဂ္ဂဒုက္ခသည်စခန်း တိုက်ခိုက်ခံရပြီး လူကိုးဦး သေဆုံးသွားသည့်ဖြစ်ရပ်ကို အမေရိကန်က ပြစ်တင်ရှုတ်ချ

ခန်းယူနစ်မြို့ရှိ စစ်ဘေးရှောင်များခိုလှုံရာ ကုလသမဂ္ဂဒုက္ခသည်စခန်း တိုက်ခိုက်ခံရပြီး လူကိုးဦး သေဆုံးသွားသည့်ဖြစ်ရပ်ကို အမေရိကန်က ပြစ်တင်ရှုတ်ချ
ခန်းယူနစ်မှ စစ်ဘေးရှောင်ကာ နယ်စပ်မြို့ ရာဖာကို ဦးတည်နေသော ပါလက်စတိုင်း မိသားစုများကို ဇန်နဝါရီ ၂၂ ရက်တွင် တွေ့ရစဉ်(Photo:AFP)
ခန်းယူနစ်မှ စစ်ဘေးရှောင်ကာ နယ်စပ်မြို့ ရာဖာကို ဦးတည်နေသော ပါလက်စတိုင်း မိသားစုများကို ဇန်နဝါရီ ၂၂ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 25 January 2024

ဇန်နဝါရီ ၂၅ ရက်တွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်ရေးများသည် ဂါဇာကမ်းမြောင်ရှိ ခန်းယူနစ်မြို့ကို စူးစိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်တိုက်ခိုက်မှုများတွင် ခန်းယူနစ်၌ ဖွင့်ထားသော ကုလသမဂ္ဂဒုက္ခသည် စခန်းတစ်ခုသည် တင့်ကားမှပစ်သောလက် နက်ကြီးကျည်ဆန်များထိမှန်သဖြင့် လူကိုးဦး သေဆုံးသွားသည်ဟု ကုလသမဂ္ဂကပြောကြားသည်။

မိမိတို့သည်ခန်းယူနစ်မြို့ကို ၀ိုင်းထားသည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီးနောက် လူကိုးဦး သေဆုံးသွားသည့် တိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။ အစ္စရေးစစ်သားများသည် ခန်းယူနစ်မြို့၏ ပျက်စီးနေသော အဆောက်အအုံများကြားတွင် မြို့ပြတိုက်ပွဲ ဆင်နွှဲနေသည်ကို မြင်ရသည့် ဗီဒီယိုကိုလည်း အစ္စရေးစစ်တပ်က ထုတ်ပြန်ပေးခဲ့သည်။

ခန်းယူနစ် အနောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားနေသည်ဟု ဟားမာ့စ် သတင်းပြန်ကြားရေးရုံးက ထုတ်ပြန်ခဲ့သည်။ ညပိုင်းတွင် ခန်းယူနစ်နှင့် ဂါဇာကမ်းမြောင်ရှိ အခြားနေရာများကို တိုက်ခိုက်မှုများကြောင့် သေဆုံးသူအများအပြားရှိသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၂၅ ရက် စောစောပိုင်းတွင် ဗုံးကြဲမှုကြောင့် နူဆေးရတ်စခန်းတွင် ကလေး လေးဦးသေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကုလသမဂ္ဂဒုက္ခသည်စခန်းကို ဇန်နဝါရီ ၂၄ ရက် တိုက်ခိုက်မှုအတွင်း တင့်ကား ကျည်ဆန်ထိမှန်သဖြင့် လူကိုးဦးသေဆုံးခဲ့ပြီး ၇၅ ဦး ဒဏ်ရာရခဲ့သည်ဟု  ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNRWA ၏ ဂါဇာအကြီးအကဲ သောမက်စ်ဝှိုက်က ပြော ကြားသည်။ သေဆုံးသူအရေအတွက် တိုးလာနိုင်သည်ဟု UNRWA အကြီးအကဲဖီး လစ်လာဇာရီနီက ပြောကြားခဲ့သည်။

တိုက်ခိုက်မှု ဖြစ်ပွားအပြီးတွင် ကုလသမဂ္ဂဒုက္ခသည် စခန်းရှိ အဆောက်အအုံများ မီးစွဲလောင်ခဲ့သည်ဟု ပါလက်စတိုင်း နယ်မြေများအတွက် ယာယီကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ စေ့စပ်ညှိနှိုင်းသူ ဂျိမ်းမက် ဂိုးလ်ဒရစ်က ပြောကြားခဲ့သည်။

“လူအများအပြားဟာ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးဖို့ ကြိုးစားနေကြတယ်ဆိုပေမယ့် သူတို့ဟာ ထွက်ပြေးလို့မရ နိုင်ဖြစ်နေပါတယ်”ဟု ၎င်းက ပြောသည်။

အစ္စရေးစစ်တပ်ကမူ ယင်းဒုက္ခသည် စခန်းအနီး၌ အစ္စရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးများကို လေ့လာဆန်းစစ်လျက်ရှိသည်ဟု သိရသည်။ တိုက်ခိုက်မှုသည် ဟားမာ့စ် ပစ်ခတ်တိုက်ခိုက်မှု၏ ရလဒ်ဖြစ်သည်ဟူသော ဖြစ်နိုင်ခြေတစ်ရပ်ရှိနေသည်ဟု အစ္စရေး စစ်တပ်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ယင်းတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့သည်။ အရပ်သားများကို အကာအကွယ်ပေးရမည်ဖြစ်ပြီး ကုလသမဂ္ဂအဆောက်အအုံများကို အကာအကွယ်ပေးရမည့် သဘောသဘာဝကို လေးစားရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီ်းဌာန ပြောရေးဆိုခွင့်ရှိသူ ဗီးဒန့်ပါတယ်က  ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ကို အစ္စရေးက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် ယခုအခါ ဂါဇာတွင် သေဆုံးသူ ၂၅,၇၀၀ ရှိသွားပြီဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။                                              Ref:AFP

Most Read

Most Recent