ဘဝတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ရည်မှန်းချက်တူ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညီညွတ်မှုရရှိရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု မွန်ပြည်သစ်ပါတီ ထုတ်ပြန်

ဘဝတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ရည်မှန်းချက်တူ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညီညွတ်မှုရရှိရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု မွန်ပြည်သစ်ပါတီ ထုတ်ပြန်
Published 16 January 2024

ဘဝတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ရည်မှန်းချက်တူ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညီညွတ်မှုရရှိရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု မွန်ပြည်သစ်ပါတီက ဇန်နဝါရီ ၁၄ ရက်က မွန်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်များအရ သိရသည်။

မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် မွန်ပြည်သစ်ပါတီဗဟို ညီလာခံအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မွန်ဒေသအတွင်း ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကောင်းမွန်လာရန် နည်းလမ်းအမျိုးမျိုးရှာပြီး အလေးအနက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မွန်ဒေသအတွင်းရှိ  အချို့နေရာများတွင် ပြည်တွင်းစစ်မီးများ ကူးစက်လာနေပြီး ဒေသခံအရပ်သားပြည်သူများ စစ်ဘေးဒဏ်သင့်ခဲ့ရသည့်အပေါ် မွန်ပြည်သစ်ပါတီအနေဖြင့် မတားဆီးနိုင်ခဲ့သည့်အတွက် မွန်သံဃာတော်များနှင့် မွန်ပြည်သူများက စိတ်အလိုမကျသလိုဖြစ်ခဲ့ရကြောင်း မွန်ပြည်သစ်ပါတီက ဆိုသည်။

ဘဝတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ရည်မှန်းချက်တူ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညီညွတ်မှုရှိရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် ကိုယ့်ကြမ္မာကိုယ်စီမံနိုင်ရန်၊ စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း မွန်ပြည်သစ်ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လက်ရှိအခြေအနေမျိုးတွင် မွန်ပြည်သစ်ပါတီအနေဖြင့် အမျိုးသားစည်းလုံးမှု ခိုင်မာအောင် ပါတီတည်ဆောက်ရေး၊ လက်နက်ကိုင်တပ်နှင့် နယ်မြေဒေသများ ပိုမိုကောင်းမွန်အောင် ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်အထိ မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီ၏ ပြည်တော်ဝင်စခန်းတွင် ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက်ပါတီ ဗဟိုညီလာခံအတွင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှစ်ဦး ထပ်တိုးထားကာ ဗဟိုကော်မတီဝင် ၃၅ ဦး၊ အရန်ဗဟိုကော်မတီဝင်ခြောက်ဦးနှင့် စစ်ကော်မတီဝင် ခုနစ်ဦးတို့ကို ရွေးချယ်ခဲ့ကြောင်းနှင့် မွန်ပြည်သစ်ပါတီ ဥက္ကဌအဖြစ် နိုင်ဟံသာ ပြန်လည်ရွေးချယ်ခံခဲ့ရကာ ပါတီထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းမလဲမရှိဘဲ ပြန်လည်အတည်ပြုရွေးချယ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီဗဟို ညီလာခံက အတည်ပြုခဲ့သည့် ဗဟိုကော်မတီ၏ အစီရင်ခံစာပါ ကမ္ဘာ့အရေး၊ ပြည်တွင်းရေး၊ အင်အားစုအသီးသီး၊ ပါတီတွင်း၊ ပြည်သူလူထုနှင့် လူငယ်ရေးရာအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ် လမ်းညွှန်ချက်များကို အသေးစိတ်ထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။

Most Read

Most Recent