လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရသော အခက်အခဲများနှင့် ကြမ်းတမ်းခက်ထန်မှုများအတွက် အဓိကကျသောအဖြေမှာ အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ၏ ကယားပြည်နယ်နေ့ သဝဏ်လွှာတွင် ဖော်ပြ

လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရသော အခက်အခဲများနှင့် ကြမ်းတမ်းခက်ထန်မှုများအတွက် အဓိကကျသောအဖြေမှာ အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ၏ ကယားပြည်နယ်နေ့ သဝဏ်လွှာတွင် ဖော်ပြ
Published 15 January 2024

လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရသော အခက်အခဲများနှင့် ကြမ်းတမ်းခက်ထန်မှုများအတွက် အဓိကကျသောအဖြေမှာ အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်သည့် (၇၂)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နစကဥက္ကဋ္ဌက ထိုသို့ရေးသားဖော်ပြထားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒအမှန်မှာ အေးချမ်းသာယာဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေမှုဖူလုံရေးပင်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ တိုင်းရင်းသားပြည်သူများအေးချမ်းစွာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်မည်ဖြစ်ကာ လူမှုစီးပွားဘဝတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရသောအခက်အခဲများနှင့် ကြမ်းတမ်းခက်ထန်မှုများအတွက် အဓိကကျသော အဖြေမှာ အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအရေး၊ နိုင်ငံရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အရေးကို အလေးပေးကာ တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူအားလုံးတို့က လက်တွဲညီစွာဖြင့် ၀ိုင်းဝန်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို ခေတ်မီနည်းစနစ်များဖြင့်တိုးတက်လာအောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုးတက်ကောင်းမွန်လာသော စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များကို အားပေးမြှင့်တင် ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသား ပြည်သူအားလုံးက အမျိုးသားရေး ရည်မှန်းချက်များ အောင်မြင်ရေးကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက သဝဏ်လွှာတွင် ရေးသားထားသည်။

ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတောင်တန်းဒေသဖြစ်ပြီး တောတောင်ရေမြေ သဘာဝအလှတရားများ၊ မြေပေါ်မြေအောက်သယံဇာတများ ပေါကြွယ်ဝကာ ရိုးရာယဉ်ကျေးမှု အလှတရားများဖြင့် သာယာလှပသော ပြည်နယ်ဖြစ်ကြောင်း၊ ရာသီဥတုမျှတပြီး ဒေသခံတိုင်းရင်းသားများ၏ ရင်းနှီးဖော်ရွေမှု၊ ရိုးသားမှုတို့သည် ပြည်နယ်၏ နှစ်သက်စွဲလမ်းဖွယ်ရာ ဂုဏ်အင်္ဂါများပင်ဖြစ်ကြောင်း၊ သာယာလှပသည့်ရှုခင်း၊ သန့်ရှင်းသပ်ရပ်သည့် အခင်းအကျင်း၊ တိုင်းရင်းသားတို့၏ ပွင့်လင်းရိုးသားမှု၊ ဒေသခံသားချင်းများက ပြည်နယ်အကျိုးကို ၀ိုင်းဝန်းဆောင်ရွက်မှုတို့ကြောင့် ဖွံ့ဖြိုးတိုးတက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့သည့် ပြည်နယ်တစ်ခုလည်း ဖြစ်ကြောင်း၊ ထိုသို့ရရှိပြီး အခြေခံကောင်းများကို အမိအရဆုပ်ကိုင်၍ ကယားပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ ကြိုးပမ်းဆောင်ရွက်ရန်နှင့် ထာဝရငြိမ်းချမ်းရေးကို သားစဉ်မြေးဆက် ခံစားနိုင်အောင် တည်ဆောက်ရန် အထူးလိုအပ်နေချိန်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

ထို့အတူ မိမိတို့မြန်မာနိုင်ငံသည် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါ၀ါသိက္ခာရှိရှိ နှစ်ပေါင်း ထောင်ချီလွတ်လပ်စွာ ရပ်တည်နေထိုင်ခဲ့ကြောင်း၊ သို့သော်လည်း နယ်ချဲ့တို့မှ မတရားကျူးကျော်စစ်သုံးကြိမ်ဖြင့် မြန်မာတစ်နိုင်ငံလုံးကို ကိုလိုနီနိုင်ငံအဖြစ်သွတ်သွင်းပြီး ကုပ်သွေးစုပ်ခြယ်လှယ်အုပ်ချုပ်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ထိုသို့ မတရား ဖိနှိပ်အုပ်ချုပ်မှုအောက်မှ တိုင်းရင်းသားအားလုံးက မျိုးချစ်စိတ်အပြည့်အဝဖြင့် အသက်သွေးချွေး မြောက်မြားစွာ ပေးဆပ်ကာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြိုးပမ်းခဲ့ကြောင်း၊ လွတ်လပ်ရေးရချိန်တွင် လွတ်လပ်ရေးနှင့်အတူ နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်သည့် အမွေဆိုးကြောင့် ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲကာ ပြည်တွင်းရေး ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ကြောင်း နစကဥက္ကဋ္ဌက သဝဏ်လွှာတွင် ရေးသားထားသည်။

ယင်းအပြင် ယခုကာလတွင်လည်း ကယားပြည်နယ်အပါအဝင် အထူးသဖြင့် တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် လက်နက်ကိုင် တိုက်ပွဲများဖော်ဆောင်နေခြင်း၊ ဆူပူအကြမ်းဖက်၊ ဖျက်ဆီးနှောင့်ယှက်မှုများကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ ဒုက္ခများစွာ ခံစားနေကြရပြီး နိုင်ငံအတွက် အန္တရာယ်များလာနိုင်သဖြင့် သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသား ပြည်သူအားလုံးအနေဖြင့်  တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အလေးထားစဉ်းစား ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း၊ ကယားပြည်နယ်တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသတွင်း တည်ငြိမ်နေမှုများ ပျက်ပြားအောင်ဆောင်ရွက်ခြင်း၊ မြို့ရွာများကို တိုက်ခိုက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကုန်စည်စီးဆင်းမှု ပြတ်တောက်အောင် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည်တို့အပြင် အများပြည်သူပိုင် မော်တော်ယာဉ်များ၊ အဆောက်အအုံများ၊ စျေးများဖျက်ဆီးခြင်း၊ ဘုန်းကြီးကျောင်းများ၊ ကလေးသူငယ်များ ပညာသင်ကြားနေသော စာသင်ကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများ၊ ရုံးအဆောက်အအုံများ အစရှိသည်တို့ကို ဖျက်ဆီးခဲ့ခြင်းများသည် လွန်စွာမှ အကျဉ်းတန် ရုပ်ဆိုးလှပြီး ပြည်သူလူထုအတိ ဒုက္ခရောက်စေခြင်းကို ဖြစ်ပေါ်စေခဲ့ကြောင်း နစကဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

အဆိုပါအခြေအနေများ၏ အကျိုးဆက်သည် ကယားပြည်နယ်နှင့် ဒေသခံတိုင်းရင်းသားတို့၏ ကောင်းကျိုးကို ဖော်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ နိုင်ငံတော်နှင့်ပြည်သူအားလုံးအတွက် အန္တရာယ်ဖြစ်စေကြောင်း သတိထားဆင်ခြင်နိုင်ရန်လိုအပ်ကြောင်း၊ မိမိတို့ပြည်ထောင်စုဖွား တိုင်းရင်းသားများအနေဖြင့် မတူညီသော မိမိတို့ဆန္ဒများကို ရှေ့တန်းတင်ဆောင်ရွက်နေမည်ဆိုပါက အချင်းချင်း အကြားမပြေလည်မှုများ၊ ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများကို ဆက်လက်ရင်ဆိုင်နေကြရမည်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို မှန်မှန်ကန်ကန်ရှုမြင်ပြီး ကောင်းကျိုးများဖြစ်ထွန်းလာအောင် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက သဝဏ်လွှာတွင် ရေးသားထားသည်။

Most Read

Most Recent