နစကနှင့် မြောက်ပိုင်းသုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နစကနှင့် မြောက်ပိုင်းသုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 12 January 2024

နစကနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပြီး နယ်စပ် ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တပ်မတော်ဘက်မှ တာဝန်ရှိသူများနှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA အဖွဲ့တို့ တွေ့ဆုံခဲ့ပြီး အပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့သည်ဆိုသော သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုကို “မှန်တယ်။ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက် ရခဲ့ပြီးဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်တော့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဆက်လက်ဆွေးနွေးရမယ့်ဟာတွေလည်း ရှိပါသေးတယ်။ ဆက်လက်ဆွေးနွေးရမယ့်ဟာတွေတော့ ကျွန်တော်တို့ ဆက်လက်ဆွေးနွေးသွားပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားသည်။

တရုတ်နိုင်ငံ၏ အထူးကိုယ်စားလှယ် Mr. Deng XinJun ဖိတ်ခေါ်မှုအရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)မှ တာဝန်ရှိသူများနှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့မှ တာဝန်ရှိသူများသည် ကူမင်းတွင် ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ကုန်သွယ်ရေးအတွက် နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စများနှင့်ပတ်သက်၍ ညှိနှိုင်းခဲ့မှုအခြေအနေများအား မေးမြန်းမှုအပေါ် “ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး၊ နယ်စပ်ဂိတ်တွေနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့ ဒါဆောင်ရွက်ဖို့ရှိပါတယ်။ အမြန်ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားသည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ ပြုလုပ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့(MNDAA-TNLA-AA) တို့အကြား တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲသို့ နစက၏  NSPNC ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA၊ ULA/AA နှင့် PSLF/TNLA တို့ဘက်မှ အတွင်းရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ၂၇ ရက်မှစတင်ကာ မြောက်ပိုင်းသုံးဖွဲ့က လုံခြုံရေးစခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြီးငယ်များဖြစ် ပွားခဲ့ရာ တရုတ်နိုင်ငံက ရှမ်းမြောက် တိုက် ပွဲများအား နယ်စပ်ဒေသတည်ငြိမ် အေးချမ်း ရေးကို ထိန်းသိမ်းရန်နှင့် အမြန်ဆုံးအပစ် အခတ် ရပ်စဲပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့၏ကြားဝင်ဆောင် ရွက်မှုဖြင့် နစက၏ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့သည် တရုတ် နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုဖြင့် ယူနန်ပြည်နယ် ကူမင်းမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဆန်းတွင်တစ်ကြိမ်၊ လကုန်ပိုင်းတွင် တစ်ကြိမ်တွေ့ဆုံထားပြီး ယခုထပ်မံတွေ့ဆုံပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအပစ်အခတ်ရပ်စဲရေးနှင့်ပတ် သက်၍ အွန်လိုင်းမီဒီယာအချို့တွင် ဆွေးနွေးပွဲနှင့်နီးစပ်သူများ၏ပြောကြားချက်အပေါ် ကိုးကားဖော်ပြချက်အရ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာ မြောက်ပိုင်းသုံးဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးရယူသည့် မြို့များသို့ တပ်မတော်က လေကြောင်း၊ လက်နက်ကြီးများ ပြန်လည်တိုက်ခိုက်ခြင်းမပြုရန်နှင့် မြောက်ပိုင်းအဖွဲ့များကလည်း အခြားမြို့ရွာများကို ဆက်လက်တိုက်ခိုက်ခြင်းမပြုရန်၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည် ဖွင့်လှစ်ရန်တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းသုံးဖွဲ့က ရယူထားသည့်မြို့  ၁၇ မြို့ရှိကြောင်း သိရသည်။

Most Read

Most Recent