ခရစ္စတယ်ပဲလေ့စ်ညာတောင်ပံကစားသမား အိုလီဆေးအား အဓိကထားခေါ်ယူရန် ဆာဂျင်ရက်ကလစ်ဖ် စီစဉ်

ခရစ္စတယ်ပဲလေ့စ်ညာတောင်ပံကစားသမား အိုလီဆေးအား အဓိကထားခေါ်ယူရန် ဆာဂျင်ရက်ကလစ်ဖ် စီစဉ်
Published 4 January 2024

မန်ယူအသင်း၏ ရှယ်ယာ (၂၅)ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီး ဘောလုံးနှင့်ပတ်သက်သည့်ကိစ္စရပ်များကို အဓိကလုပ်ဆောင်မည့် ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်းအတွက် ၎င်း၏ပထမဆုံးခေါ်ယူမှုအဖြစ် ခရစ္စတယ်ပဲလေ့စ်ညာတောင်ပံတိုက်စစ်ကစားသမား အိုလီဆေးအား အဓိကထား ခေါ်ယူရန် စီစဉ်နေကြောင်း London Evening Standard က ဖော်ပြခဲ့သည်။

အသက် (၂၂) နှစ်အရွယ်ရှိ အိုလီဆေးသည် ယခုရာသီတွင် ဒဏ်ရာပြဿနာနှင့် ရုန်းကန်ခဲ့ရသော်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပရီးမီးယားလိဂ် (၉)ပွဲတွင် (၅) ဂိုးသွင်းယူထားကာ ခြေစွမ်းပြနေသူဖြစ်သည်။

၎င်းသည် ၂၀၂၃ သြဂုတ်လကမှ ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုထားသည်။ မန်ယူအသင်း၏ ညာတောင်ပံတွင် အန်တိုနီ ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ရက်ကလစ်ဖ်အနေဖြင့် အိုလီဆေးကို ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်ပြီး ၎င်းကို ယခုဇန်နဝါရီအပြောင်းအရွှေ့ထက် လာမည့်နွေရာသီတွင်မှ ခေါ်ယူဖွယ်ရှိကြောင်း သိရှိရသည်။ အိုလီဆေး၏ လက်ရှိဈေးကွက်ပေါက်ဈေးမှာ Transfermarkt ၏ ဖော်ပြချက်အရ ပေါင် (၄၃) သန်းရှိကြောင်း သိရှိရသည်။

သို့သော် ခရစ္စတယ်ပဲလေ့စ်အသင်းသည် အသင်းနှင့် နှစ်ရှည်စာချုပ်ရှိနေသည့် အိုလီဆေးကို ပေါက်ဈေးထက်များစွာရရှိမှသာ လက်လွှတ်ဖွယ်ရှိနေကြောင်း သိရှိရသည်။ 

Most Read

Most Recent