လူ့အဖွဲ့အစည်းနှင့် လူမှုတန်ဖိုးများ

လူ့အဖွဲ့အစည်းနှင့် လူမှုတန်ဖိုးများ
Published 25 December 2023

“ဥပဒေအားလုံးနီးပါးတွင် ပုဂ္ဂလိကဆန္ဒများကို ပြည်သူ့လိုအပ်ချက်များနှင့် နှိုင်းယှဉ်လျက် ချိန်ဆခြင်းနှင့် အလားတူစွာပင် နှိုင်းရလူမှုတန်ဖိုးများနှင့်ချိန်ဆခြင်းပါဝင်သည်” 

လူဝီဒီဘရန့်ဒီယစ် (၁၈၅၆ - ၁၉၄၁)

အမေရိကန်ပြည်ထောင်စု၏ တရားလွှတ်တော်ချုပ်ရှေ့နေနှင့်

တွဲဖက်တရားသူကြီးချုပ်ဟောင်း

 

လူမှုတန်ဖိုးများသည် လူ့အဖွဲ့အစည်းကလက်ခံနိုင်သော ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများဖြစ်ကြသည်။ ယင်းစည်းမျဉ်းများကို လူ့အဖွဲ့အစည်းအတွင်းရှိ အဖွဲ့အစည်းများ၊ ထုံးတမ်းစဉ်လာများနှင့် လူတို့၏ ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်ချက်များက ဖန်တီးထားခြင်းဖြစ်သည်။ ယင်းဥပဒေသများသည် လူ့အဖွဲ့အစည်းအတွင်းရှိ လူများကို သင့်လျော်စွာ ကျင့်ကြံရန်လမ်းညွှန်ချက်ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက်လုံး လူ့အဖွဲ့အစည်းရှိလူများနှင့် ယဉ်ကျေးမှုများအပေါ်အခြေခံ၍ လူမှုတန်ဖိုးများ အမြဲဖန်တီးလျက်ရှိသည်။

တစ်ဖန်၊ လူမှုတန်ဖိုးများသည် လူ့အဖွဲ့အစည်း၏ ပြုမူပုံကိုပုံသွင်းပေးပြီး လူ့အဖွဲ့အစည်းအတွင်း ပါဝင်သူများအကြား အတူယှဉ်တွဲနေထိုင်မှုကို အာမခံထားသည်။ လုပ်ဖော်ကိုင်ဖက်များအကြားနှင့် ကုမ္ပဏီနှင့် လူ့အဖွဲ့အစည်းအကြားကောင်းမွန်ခိုင်မာသော ဆက်ဆံရေးကိုထိန်းသိမ်းထားရန် စီးပွားရေးလုပ်ငန်းများတွင် လူမှုတန်ဖိုးများသည် အရေးကြီးသည်။ ကုမ္ပဏီတစ်ခုသည် လူမှုအသိုင်းအဝိုင်း၏ ဘုံလူမှုတန်ဖိုးများကို လက်ခံ ခြင်းမရှိသည့်နည်းလမ်းဖြင့် လုပ်ငန်းလုပ်ဆောင်ပါက ထိုလုပ်ငန်းသည် ၎င်း၏စားသုံးသူများထံမှ သူ့အလိုလိုကွဲကွာသွားမည်ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ရပ်၏ လူမှုတန်ဖိုးများကို မလိုက်နာပါက မိမိလုပ်ငန်းကို မိမိကိုယ်တိုင် ဖျက်ဆီးပစ်သကဲ့သို့ ဖြစ်သွားနိုင်သည်။

လူမှုတန်ဖိုးများသည် လူတို့အား နယ်နိမိတ်အပိုင်းအခြားများ ပေးလိမ့်မည်ဖြစ်သည်။ ယင်းတို့သည် မိမိနေထိုင်နေသော လူ့အဖွဲ့အစည်းအရ မည်သည့်အရာများကမှားပြီး မည်သည့်အရာများက မှန်သည်ဟု သတ်မှတ်ထားမှုကို ညွှန်ပြပေလိမ့်မည်။ ခွင့်ပြုသော အရာ၊ ခွင့်မပြုသောအရာ၊ တရားမဝင်သောအရာ၊ လိုလားအပ်သောအရာ၊ တရားဝင်သောအရာနှင့် အပြစ်ရှိသောအရာစသဖြင့်ကို အကြံပြုပေလိမ့်မည်။ အပြုသဘောဆောင်စွာ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ လူတိုင်းသိနားလည်သည့် နည်း လမ်းအားဖြင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြထားသော ဘုံသဘောတူညီချက်များအတိုင်း လုပ်ဆောင်ရန်ပင်ဖြစ်သည်။ လူတိုင်းသည် ၎င်းတို့၏ နယ်နိမိတ်အပိုင်းအခြားများကို နားလည်ကြပေလိမ့်မည်။

ကောင်းသောလူမှုရေးတန်ဖိုးဟူသည် အကြောင်းတရားတစ်ခုကို အပြုသဘောဆောင်သောနည်းလမ်းဖြင့် ပံ့ပိုးပေးသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ လုပ်ငန်းတစ်ခုသည် လူ့အဖွဲ့အစည်း၏ လူမှုတန်ဖိုးများကို လိုက်နာနိုင်သည်၊ သို့မဟုတ် လူ့အဖွဲ့အစည်း၏ တန်ဖိုးများကို ဆန့်ကျင်သွားနိုင်သည်ဟု ဆိုလိုသည်။ ကုမ္ပဏီတစ်ခု၌ ခိုင်မာသောလူမှုတန်ဖိုးများ ရှိနိုင်သည်။ ၎င်းသည် လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားစံနှုန်းများကို လိုက်နာပါက ထိုလုပ်ငန်းသည် ကောင်းမွန်သောအနေအထားတွင် ရှိနေမည်ဖြစ်သည်။ ဤလုပ်ငန်းကို ပံ့ပိုးခြင်းဖြင့် ၎င်းတို့သည် ဤအပြုသဘောဆောင်သောတန်ဖိုးများကို ရပ်ရွာတွင်ရှိနေစေရန် တွန်းအားပေးကြောင်းသိသောကြောင့် ဤလုပ်ငန်းကို လူများက ပံ့ပိုးပေးမည်ဖြစ်သည်။

အစိုးရအဖွဲ့များနှင့် ဥပဒေများသည် လူမှုတန်ဖိုးများကို ကာကွယ်ရန်နှင့် လုပ်ထုံးလုပ်နည်းကို လိုက်နာစေရန် ပြဋ္ဌာန်းမှုများ ပြုလုပ်ထားလေ့ရှိသည်။ တရားစီရင်ရေးမဏ္ဍိုင်နှင့် အစိုးရအင်စတီကျူးရှင်းများသည် ယင်းလူမှုတန်ဖိုးများကို ထိန်းသိမ်းရန်နှင့် လိုက်နာကျင့်သုံးစေရန် လုပ်ဆောင်နိုင်စွမ်းရှိရသည်။ လူမှုတန်ဖိုးများသည် လူ့အဖွဲ့အစည်းယဉ်ကျေးမှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ လူမှုတန်ဖိုးများက လူမှုအခင်းအကျင်း တည်ငြိမ်မှုအတွက် တာဝန်ခံထားသည်။ လူမှုတန်ဖိုးများသည် လူမှုကျင့်ဝတ်များအတွက်လည်း ယေဘုယျလမ်းညွှန်ချက်များကို ပေးသည်။ အခြေခံလူ့အခွင့်အရေးများ၊ မျိုးချစ်စိတ်၊ လူ့ဂုဏ်သိက္ခာကိုလေးစားမှု၊ ကျိုးကြောင်းဆီလျော်မှု၊ အနစ်နာခံမှု၊ တစ်ဦးချင်းရပ်တည်ရေး၊ တန်းတူရေးနှင့် ဒီမိုကရေစီအစရှိသည့်တန်ဖိုးများသည် လူမှုတန်ဖိုးများပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မိမိတို့လူ့အဖွဲ့အစည်း၌ အစဉ်အဆက်ထိန်းသိမ်းလာခဲ့သော လူမှုတန်ဖိုးများကို မလိုက်နာခြင်းသည် မိမိကိုယ်မိမိ ပျက်စီးစေခြင်းဖြစ်ပြီး ယင်းလူမှုတန်ဖိုးများကို မလိုက်နာရုံမက ဖျက်ဆီးပစ်ခြင်းသည် ‘ကိုယ့်အသိုက်ကိုယ်ဖျက်’ ဆိုသကဲ့သို့ မိမိလူ့အဖွဲ့အစည်းကို ဖျက်ဆီးခြင်းပင်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Most Read

Most Recent