ကင်ညာတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၁၂၀ အထိ မြင့်တက်

ကင်ညာတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၁၂၀ အထိ မြင့်တက်
နိုဝင်ဘာ ၂၁ ရက်က ကင်ညာနိုင်ငံ ဂရစ်ဆာကောင်တီတွင် ရေနစ်မြှုပ်နေသော လယ်ကွင်းများနှင့် နေအိမ်များကို တွေ့ရစဉ် (Photo:AFP)
နိုဝင်ဘာ ၂၁ ရက်က ကင်ညာနိုင်ငံ ဂရစ်ဆာကောင်တီတွင် ရေနစ်မြှုပ်နေသော လယ်ကွင်းများနှင့် နေအိမ်များကို တွေ့ရစဉ် (Photo:AFP)
Published 29 November 2023

ကင်ညာနိုင်ငံရှိ နေရာအများအပြားတွင်  ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက်သည် ၁၂၀ အထိ နှစ်ဆနီးပါးမြင့်တက်ခဲ့သည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အိမ်ထောင်စု ၈၉,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ကြပြီး ယာယီစခန်း ၁၁၂ ခုတွင်ခိုလှုံနေထိုင်ခဲ့ကြသည်ဟု ထိပ်တန်းပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူ ရေမွန်အိုမိုလ်လိုက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ကင်ညာနှင့် ၎င်း၏အာဖရိကဦးချိုဒေသဖြစ်သည့် ဆိုမာလီယာနှင့် အီသီယိုပီးယားတို့တွင် အယ်နီညိုရာသီဥတုဖြစ်စဉ်နှင့်ဆက်နွှယ်၍ ရေကြီးမှုများဖြစ်ပွားခဲ့သည်။

လူသန်းပေါင်းများစွာကို နှစ်ပေါင်း ၄၀ အတွင်း အငတ်ဘေးဆိုက်စေခဲ့သည့် ဆိုးရွာသော မိုးခေါင်မှုများကြုံတွေ့ခဲ့သည့် ယင်းဒေသတွင် ရေကြီးမှုများသည် လူသားချင်းစာနာ ထောက်ထားမှုအကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။

ကင်ညာနိုင်ငံအရှေ့ဘက်ပိုင်းရှိ ကောင်တီလေးခုတွင် ရေဘေးကိုအဆိုးရွားဆုံးကြုံ တွေ့ခဲ့ပြီး နောက်ထပ် ကောင်တီ ၁၀ ခုတွင် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားသည်။

ကင်ညာသမ္မတ ဝီလျံရူတိုက နိုဝင်ဘာ ၂၇ ရက်တွင် အရေးပေါ်အစိုးရအဖွဲ့အစည်းအဝေး၌ ရေဘေးသင့်ဒေသများအတွက် ဒေါ်လာသန်းချီ ရန်ပုံငွေထုတ်ပေးသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။ရေဘေးကြောင့် ကင်ညာနိုင်ငံသား ၇၆ ဦးကျော် သေဆုံးခဲ့ပြီး အိမ်ထောင်စု ၃၅,၀၀၀ ကျော် နေအိမ်များကို စွန့်ခွာခဲ့ကြသည်ဟ ု၎င်း၏ ရုံးက အစည်းအဝေးအပြီးတွင် ထုတ်ပြန်ခဲ့သည်။

“ကင်ညာနဲ့ အာဖရိကအရှေ့ပိုင်းဒေသတွေမှာ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပုံမှန်ထက်ပိုနေတဲ့ မိုးရွာသွန်းမှုဖြစ်စဉ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ရေကြီးမှုကို ဖြစ်စေပြီးလူ့အသက်ပေါင်းများစွာ ဆုံးရှုံးစေကာ၊မိသားစုတွေကို ရွှေ့ပြောင်းနေထိုင်စေပြီး ကူးစက်ရောဂါတွေ ပျံ့နှံ့စေတဲ့အပြင် လျှပ်စစ်ဓာတ် အားပြတ်တောက်တာတွေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးတာတွေဖြစ်စေပါတယ်” ဟု ၎င်းကဆိုသည်။

အာဖရိကဦးချိုဒေသသည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်အား အနည်းဆုံးဒေသများတွင် အပါအဝင်ဖြစ်ကာ ဆိုးရွားပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များသည် မကြာခဏဆိုသကဲ့သို့ဖြစ်ပွားလေ့ရှိပြီး ပိုမိုပြင်းထန်လာသည်။

လူသားများကြောင့် ဖြစ်ပွားခဲ့သည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ပူနွေးသည့် လေထုသည် ရေများကို ပိုမိုများပြားစွာ  ထိန်းထားနိုင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကို ဖြစ်ပေါ်စေသည်။

ဆိုမာလီယာတွင် ရေကြီးမှုကြောင့်သေဆုံးသူ ၁၀၀ နီးပါးအထိ ရှိလာကြောင်းလွန်ခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့ကာ လူ ၇၀၀,၀၀၀ သည် ၎င်းတို့၏နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြပြီး လူနှစ်သန်းနီးပါးရေ ဘေးသင့်ခဲ့ကြသည်ဟု အစိုးရကဆိုသည်။

အီသီယိုပီးယားတွင်လည်း ရေကြီးမှုများ၊ မိုးသည်းထန်စွာရွာသွန်းမှုများနှင့်မြေပြိုမှုများကြောင့် လူ ၄၃ ဦးသေဆုံးခဲ့သည်ဟု ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုတုံ့ ပြန်ရေးအေဂျင်စီ OCHA က ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ရာသီဥတ ုဖောက်ပြန်ပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝန်းတွင်အ ပူချိန်များ မြင့်တက်ခြင်း၊ မိုးခေါင်ခြင်းနှင့် ရေလွှမ်းမိုးမှုများအပါအဝင် ပြင်းထန်ရာသီဥတု ဖြစ်စဉ်များအဖြစ်များလာခဲ့သည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။     Ref:AFP

Most Read

Most Recent