ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်သူပုန်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သဘောတူညီမှုရရှိ

ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်သူပုန်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သဘောတူညီမှုရရှိ
နိုဝင်ဘာ ၂၃ ရက်က နော်ဝေနိုင်ငံ အော်စလိုမြို့တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သဘောတူလက်မှတ်ရေးထိုးသည့် အခမ်းအနားအတွင်း ဖိလစ်ပိုင်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် (ဝဲ) နှင့် ကွန်မြူနစ်ပါတီခေါင်းဆောင်တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (Photo:AFP)
နိုဝင်ဘာ ၂၃ ရက်က နော်ဝေနိုင်ငံ အော်စလိုမြို့တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သဘောတူလက်မှတ်ရေးထိုးသည့် အခမ်းအနားအတွင်း ဖိလစ်ပိုင်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် (ဝဲ) နှင့် ကွန်မြူနစ်ပါတီခေါင်းဆောင်တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (Photo:AFP)
Published 29 November 2023

ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်သူပုန်များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သဘောတူညီမှုရရှိခဲ့သည်ဟု နှစ်ဖက်စလုံးမှ တာဝန်ရှိသူများက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

၁၉၆၉ ခုနှစ်က စတင်ခဲ့သည့် ထိုလက်နက်ကိုင်ပဋိပက္ခသည် ကမ္ဘာလုံးဆိုင်ရာ ကွန်မြူနစ်လှုပ်ရှားမှုနှင့် ဖိလစ်ပိုင်၏ဆင်းရဲသည့်  ကျေးလက်ဒေသများအကြား တပ်သားသစ် စုဆောင်းရလွယ်ကူမှုများကြောင့် ကြီးထွားလာခဲ့သည်။

ဖိလစ်ပိုင်ကွန်မြူနစ်သူပုန်များ၏ အင်အားအကြီးဆုံးအချိန်ကာလဖြစ်သည့် ၁၉၈၀ ပြည့်နှစ်များအတွင်း တိုက်ခိုက်ရေးသမား အင်အား ၂၆၀၀၀ ခန့်အထိ မြင့်တက်ခဲ့ပြီး လက်ရှိတွင် အင်အား ၂၀၀၀ အောက်အထိ ကျဆင်းသွားခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်အစိုးရမှ တာဝန်ရှိသူများသည် ကွန်မြူနစ်သူပုန်များ၏ နယ်သာလန်နိုင်ငံ အခြေစိုက် နိုင်ငံရေးအဖွဲ့ဖြစ်သည့် အမျိုးသား ဒီမိုကရေစီတပ်ဦး (NDF) နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ သည်။

၎င်းတို့အကြား နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့သည့် အလွတ်သဘော ဆွေးနွေးမှုများကို နယ်သာလန်နှင့် နော်ဝေနိုင်ငံတို့တွင် ၂၀၂၂ ခုနှစ်မှစတင်ပြီး ပြုလုပ်ခဲ့ကြပြီး အဆိုပါ ဆွေးနွးမှုများအတွက် နော်ဝေအစိုးရက ကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဖိလစ်ပိုင်အရာရှိများက ပြောကြားခဲ့သည်။

“သက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ လက်နက်ကိုင်ပဋိပက္ခကို မူဘောင်အရ ငြိမ်းချမ်းစွာ အဖြေရှာဖို့ သဘောတူခဲ့ကြပါတယ်” ဟု နိုဝင်ဘာ ၂၃ ရက်က နော်ဝေနိုင်ငံ အော်စလိုမြို့တော်တွင် ဖိလစ်ပိုင်အစိုးရတာဝန်ရှိသူများနှင့် သူပုန်အဖွဲ့၏ တာဝန်ရှိသူများ လက်မှတ်ရေးထိုးခဲ့သည့် ပူးတွဲအစီရင်ခံစာ တွင် ဖော်ပြခဲ့သည်။

သက်ဆိုင်ရာအဖွဲ့အစည်းများသည် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် လူမှုစီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ မကျေနပ်ချက်များ ရှိနေသည်ဟု ဝန်ခံခဲ့ကြပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် ဦးစားပေးလုပ်ဆောင်ရ မည့် အချက်များကို ချမှတ်သည့် မူဘောင်တစ်ခုဖော်ဆောင်ရန် သဘောတူညီခဲ့ကြသည်ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဖိလစ်ပိုင် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရိုမီယိုဘရော်နာကမူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်စတင်မှုသည် မိမိတို့အတွက် အလွန်ကောင်းမွန်သည့် သတင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ဒီပဋိပက္ခဟာ နောက်ဆုံးမှာ အဆုံးသတ်သွားခဲ့မယ်ဆိုရင် ဖိလစ်ပိုင်လက်နက် ကိုင်တပ်ဖွဲ့တွေဟာ ပြည်ပရန်ကာကွယ်မှု ဒါမှမဟုတ် နယ်နိမိတ်တွေကို ကာကွယ်မှုတွေကို အာရုံပိုစိုက် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု ဘရော်နာက ပြောကြားခဲ့သည်။

သို့သော် နောက်ဆုံးသဘောတူညီချက် မရရှိမီအချိန်အထိ ဖိလစ်ပိုင်စစ်တပ်သည် ကွန်မြူနစ်သူပုန်များကို ဆန့်ကျင်တိုက်ခိုက်သည့် စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

လက်နက်ကိုင်သောင်းကျန်းမှုကို စတင်ခဲ့သည့် ဖိလစ်ပိုင်ကွန်မြူနစ်ပါတီကို ထူထောင်သူ ဟိုဆေးမာရီယာ စစ်ဆွန်သည် ပြည်ပြေးဘဝဖြင့် နယ်သာလန်နိုင်ငံတွင် ကွယ်လွန်ခဲ့ပြီး တစ်နှစ်အကြာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်မည့် ကြေညာချက်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။          

Ref:AFP

Most Read

Most Recent