ပြိုကျမြေအောက်ဥမင်လမ်းအတွင်း ပိတ်မိနေသူများဆီသို့ ရောက်ရှိရန် အလွန်နီးစပ်နေပြီဟု အိန္ဒိယကယ်ဆယ်ရေးသမားများ ပြောကြား

ပြိုကျမြေအောက်ဥမင်လမ်းအတွင်း ပိတ်မိနေသူများဆီသို့ ရောက်ရှိရန် အလွန်နီးစပ်နေပြီဟု အိန္ဒိယကယ်ဆယ်ရေးသမားများ ပြောကြား
နိုဝင်ဘာ ၂၈ ရက်က အိန္ဒိယနိုင်ငံ ဥတ္တရခန်းပြည်နယ် ဥတ္တာကာရှီခရိုင်ရှိ ပြိုကျမြေအောက် ဥမင်လမ်းအတွင်း ပိတ်မိနေသူများကို ကယ်တင်ရန် ကယ်ဆယ်ရေးသမားများ ကြိုးပမ်းနေစဉ် (Photo-Reuters)
နိုဝင်ဘာ ၂၈ ရက်က အိန္ဒိယနိုင်ငံ ဥတ္တရခန်းပြည်နယ် ဥတ္တာကာရှီခရိုင်ရှိ ပြိုကျမြေအောက် ဥမင်လမ်းအတွင်း ပိတ်မိနေသူများကို ကယ်တင်ရန် ကယ်ဆယ်ရေးသမားများ ကြိုးပမ်းနေစဉ် (Photo-Reuters)
Published 28 November 2023
Ref:Reuters

အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းဒေသတွင် မြေအောက်ဥမင်လမ်း ဖောက်လုပ်နေစဉ် ပြိုကျမှုအတွင်း သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိနေသည့် အလုပ်သမား ၄၁ ဦးဆီသို့ ကယ်ဆယ်ရေးသမားများ ရောက်ရှိရန် ခြောက်မီတာ သို့မဟုတ် ခုနစ်မီတာခန့်သာလိုတော့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိန္ဒိယ၏ အဆင်းရဲဆုံးပြည်နယ်များမှ လုပ်အားခသက်သာသော ၎င်းအလုပ်သမားများသည် ပြိုကျမှုဖြစ်ပွားခဲ့သည့် ဥတ္တရခန်းပြည်နယ်ရှိ ဖောက်လုပ်ဆဲ မြေအောက်ဥမင် လမ်းထဲတွင် နိုဝင်ဘာ ၁၂ ရက်နေ့ကတည်းက ပိတ်မိနေခြင်းဖြစ်သည်။

စက်ယန္တရားများဖြင့် တူးထုတ်မှု အဆင်မပြေဖြစ်ခဲ့ပြီးနောက် တူးဖော်ရေးလုပ်သားများသည် ကျောက်သားများ၊ ကျောက်စရစ်များကို လက်ဖြင့်တူးထုတ်မှုများ ညလုံးပေါက် လုပ်ဆောင်ခဲ့ပြီးနောက် သိသာထင်ရှားသည့် တိုးတက်မှုများရရှိခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။

“ခြောက်မီတာ ဒါမှမဟုတ် ခုနစ်မီတာလောက်ပဲ ကျန်ပါတော့တယ်” ဟု ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို ဦးဆောင်နေသည့် အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သူ ဒီပက်ခ်ပါတေးက ပြောကြားခဲ့သည်။ ၆၀ မီတာခန့်ရှိသည့် ပြိုကျဥမင်အပျက်အစီးများအနက်မှ ၅၀ မီတာကျော်အထိ တူးထုတ်နိုင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

နိုဝင်ဘာ ၂၈ ရက်တွင် ပိတ်မိနေသူများထံ ရောက်ရှိနိုင်ပါသလောဟု မေးမြန်းမှုကိုလည်း ရာနှုန်းပြည့်သေချာကြောင်း ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

အလုပ်သမား ၄၁ ဦးကို ကယ်ထုတ်ရန် ကယ်ဆယ်ရေးများလုပ်ဆောင်နေချိန်တွင် နိုဝင်ဘာ ၂၅ ရက် နှောင်းပိုင်းက မြေတူးစက်ချွတ်ယွင်းသွားခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို ယာယီရပ်နားခဲ့ရသည်။

မြေတူးစက်သည် အပျက်အစီးများ၊ ကျောက်တုံးများနှင့် သတ္တုများကို တူးထုတ်နေချိန်အတွင်း ချွတ်ယွင်းသွားခဲ့သဖြင့် ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများကို လက်ဖြင့်ဖယ်ထုတ်ခဲ့ရသည်။

ကယ်ဆယ်ရေးသမားများသည် မြေအောက်ဥမင်လမ်းအတွင်း ပိတ်မိနေသည့် အလုပ်သမားများကို ရေဒီယိုများအသုံးပြုပြီး ဆက်သွယ်လျက်ရှိသည်။ အစားအစာ၊ သောက်ရေ၊ အောက်ဆီဂျင်နှင့် ဆေးဝါးများကို ခြောက်လက်မ အကျယ်ရှိသည့် ပိုက်လုံးမှတစ်ဆင့် ပေးပို့ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၂ ရက်က မြေအောက်ဥမင် လမ်းဖောက်သည့် အလုပ်သမားများသည် ၄ ဒသမ ၅ ကီလိုမီတာ ( ၂ ဒသမ ၈) မိုင်အရှည်ရှိ မြေအောက်လမ်းကို ဖောက်လုပ်နေချိန်တွင် ဝင်ပေါက်မှ မီတာ ၂၀၀ (ပေ ၆၅၀) အကွာအဝေးသို့ ရောက်ရှိနေချိန်တွင် ဥမင်ပြိုကျခဲ့ခြင်းဖြစ်ပြီး အထဲတွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

ယင်းဥမင်လိုဏ်ခေါင်းသည် ဟိန္ဒူဘာသာဝင်များ၏ ဝတ်ပြုဆုတောင်းသည့်နေရာလေးခုကို ကီလိုမီတာ ၈၉၀ ရှိသည့် လမ်းကွန်ရက်မှတစ်ဆင့် ဆက်သွယ်ရန် ရည်ရွယ်သည့် ဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ ရည်မှန်းအကြီးဆုံး စီမံကိန်းများအနက်မှ တစ်ခုဖြစ်သော အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကုန်ကျမည့် ချာဒမ်အဝေးပြေးလမ်းမ၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

အဆိုပါမြေအောက်ဥမင်လမ်း ပြိုကျခဲ့သည့် အကြောင်းရင်းကို အာဏာပိုင်များက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း ၎င်းဒေသတွင် မြေပြိုမှု၊ ငလျင်လှုပ်မှုနှင့် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ စစ်အင်ဂျင်နီယာများနှင့် ကျွမ်းကျင်မိုင်းလုပ်သားများသည် ကြက်တွင်းဟုခေါ်သည့် တူးဖော်ရေးနည်းလမ်းကို အသုံးပြုကာ လက်ဖြင့်တူးထုတ်နေသည်။

Most Read

Most Recent