မြန်မာနိုင်ငံခြားရေးဝန်ကြီး၊ မြန်မာ့တပ်မတော်တာဝန်ရှိပုဂ္ဂိုလ်များနှင့် တရုတ်နိုင်ငံ သံအမတ်ကြီး သီးခြားစီတွေ့ဆုံ၍ နှစ်ဦးနှစ်ဖက်အတူတကွ ဂရုပြုကြသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ဟုဆို

မြန်မာနိုင်ငံခြားရေးဝန်ကြီး၊ မြန်မာ့တပ်မတော်တာဝန်ရှိပုဂ္ဂိုလ်များနှင့် တရုတ်နိုင်ငံ သံအမတ်ကြီး သီးခြားစီတွေ့ဆုံ၍ နှစ်ဦးနှစ်ဖက်အတူတကွ ဂရုပြုကြသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ဟုဆို
Published 24 November 2023

မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးမစ္စတာချန်းဟိုင်သည် နိုဝင်ဘာ ၂၃ ရက်က နေပြည်တော်တွင် ထပ်မံ၍သီးခြားစီတွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

 ထိုသို့သီးခြားစီတွေ့ဆုံမှုများတွင် နှစ်ဦးနှစ်ဖက် အတူတကွဂရုပြုကြသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြောင်းသာ တရုတ်သံရုံး၏ထုတ်ပြန်ချက်တွင်ဖော်ပြပြီး တပ်မတော်ဘက်မှမည်သည့် ပုဂ္ဂိုလ်များနှင့်တွေ့ဆုံခဲ့သည်ကို ဖော်ပြထားခြင်းမရှိပေ။

အထက်ပါတွေ့ဆုံမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်အား နိုဝင်ဘာ ၂၃ ရက်တွင်  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်သွားရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နှစ်ဖက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေအမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်တွင် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးကာ တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးမှုများပြုလုပ်လျက်ရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီမှစတင်ကာ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များဖြစ်သည့် MNDAA၊ TNLA၊ AAနှင့် BPLA၊ PDF (Mandalay)တို့က ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသရှိ ချင်းရွှေဟော်မြို့အပါအဝင် လောက်ကိုင်၊ ကွမ်းလုံ၊ သိန္နီ၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ခမ်းတို့ကို နယ်မြေခွဲကာ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ရာ တပ်မတော်နှင့်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာမှစတင်ကာ ရှမ်းမြောက်တခွင် တိုက်ပွဲကြီးငယ်များဖြစ်ပွားခဲ့ကာ လမ်းပန်းဆက်သွယ်ရေးများလည်းပြတ်တောက်ကာ ကုန်သွယ်ရေးရပ်ဆိုင်းနေပြီး တရုတ်နယ်စပ်တစ်လျှောက် စစ်ဘေးရှောင် အရပ် သား ပြည် သူသောင်းချီပိတ်မိနေပြီး ရှမ်းပြည် မြောက် ပိုင်း၌ စစ်ဘေးရှောင်ဦးရေ ၆၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

Most Read

Most Recent