နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းပေးရန် တင်ပြလာသည့် မြိုတိုင်းရင်းသားပါတီအား မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ နိုဝင်ဘာ ၂၂ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြိုတိုင်းရင်းသားပါတီကို မှတ်ပုံတင်အမှတ် (၁၁)ဖြင့် ၂၀၂၃ ခုနှစ် မေ ၅ ရက်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း၊ ၎င်းပါတီသည် အောက်တိုဘာ ၂၇ ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းပေးပါရန် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အတူ တင်ပြလာကြောင်း UEC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၃/၂၀၂၃)တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၉ ပုဒ်မခွဲ (က)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှပယ်ဖျက်၍ ပါတီဖျက်သိမ်းရန် အတည်ပြုခဲ့ကြောင်း UEC က ကြေညာချက်ထုတ်ပြန်သည်။
သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် မြိုတိုင်းရင်းသားပါတီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်ကြောင်း UEC က ကြေညာချက်ထုတ်ပြန်သည်။