ခြောက်ရက်ကြာ ပိတ်ထားသည့် မြစ်ကြီးနား - မန္တလေး လမ်းပိုင်းကို နိုဝင်ဘာ ၂၂ ရက် (ယနေ့) နံနက်ပိုင်းမှ စတင်ကာ ပြန်လည်သွားလာခွင့်ပြုခဲ့ကြောင်း ဒေသခံများက ဆိုသည်။
"မနေ့ကတည်းက ကားငယ်တွေက အင်းတော်-မော်လူးလမ်းကို ပိတ်ပြီး အနောက်လမ်းကနေ ကွင်းကြတာ။ကားကြီးတွေက ဒီနေ့ နေ့လယ်မှ စပွင့်တာ။နေလယ်ပိုင်းက အင်းတော်-မော်လူး လမ်းပိုင်းကို ခွင့်ပြုတယ်။သိရသလောက် ခရီးသည်တွေ အခက်အခဲ အများကြီးဖြစ်တယ်။ကုန်စည်တွေ ပျက်စီးတာတွေရှိတယ်။မကြာမကြာ ဖြစ်နေရင် ကချင်ပြည်နယ်က တိမ်ကောသွားမယ့် အခြေအနေပဲ"ဟု မိုးညှင်းမြို့က မော်တော်ယာဉ် မောင်းသူတစ်ဦးက ဆိုသည်။
တပ်မတော် နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမူများကြောင့် မြစ်ကြီးနား - မန္တလေး လမ်းပိုင်း ကို နိုဝင်ဘာလ ၁၆ ရက်နေ့က စတင်ကာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
မြစ်ကြီးနား - မန္တလေး လမ်းပိုင်း ပိတ်ထားခဲ့စဉ်က အဆိုပါ လမ်းအတွင်း မော်တော်ယာဉ်များ ပိတ်မိနေခဲ့ပြီးစားသောက်ရေးနှင့် လုံခြုံရေး ကိစ္စများ အခက်အခဲတွေ့ရကြောင်း ခရီသည်အချို့က ဆိုသည်။
"လမ်းမှာက ဖုန်းလိုင်းမရ။ပစ်ခတ်တာတွေက ကြောက်စရာ။အိမ်ကိုတောင် ပြန်ရောက်အုံးမလား လို့တွေးမိတယ်။ဘယ်ရက်မှ ကောင်းကောင်း အိပ်ရတယ် မရှိဘူး"ဟု ဖားကန့်မြို့သို့ပြန်မည့် ခရီးသည် တစ်ဦးက ဆိုသည်။
လက်ရှိတွင် မော်တော်ယာဉ်များ ပြန်လည်သွားလာခွင့်ပြုလိုက်ပြီ ဖြစ်သည့်အတွက် ယာဉ်လိုင်းငယ်များလည်း ပြန်လည်ပြေးဆွဲရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်းမြစ်ကြီးနားမြို့မှ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ဆိုသည်။
မြစ်ကြီးနား - မန္တလေး လမ်းပိုင်း ယာယီလမ်းပိတ်မှုကြောင့် မြစ်ကြီးနားမြို့တွင် စားသောက်ကုန်များ စျေးနှုန်းမြင့်မားခြင်း၊ပစ္စည်းပြတ်လပ်ခြင်း နှင့် လောင်စာဆီများ စျေးနှုန်းမြင့်တက်ခြင်းများဖြစ်ပေါ်ခဲ့သည်။















