တောင်ငူမြို့ မြတ်စောညီနောင် ဘုရားဝင်းအတွင်း လာရောက် စစ်ဘေးရှောင်သူ ၅၀၀ နီးပါးရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေ

တောင်ငူမြို့ မြတ်စောညီနောင် ဘုရားဝင်းအတွင်း လာရောက် စစ်ဘေးရှောင်သူ ၅၀၀ နီးပါးရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေ
Published 22 November 2023

တောင်ငူမြို့ မြတ်စောညီနောင်ဘုရားဝင်းအတွင်း လာရောက်စစ်ဘေးရှောင်သူ ၅၀၀ နီးပါးရှိပြီး လတ်တလောတွင် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

လာရောက်စစ်ဘေးရှောင်သူများအား မြတ်စောညီနောင်ဘုရားဝင်းအတွင်းရှိ နောင်တော်စေတီဝင်း၊ ညီတော်စေတီဝင်းနှင့် ကုသိနာရုံစေတီဝင်း နေရာသုံးနေရာတွင် နေရာချထားပေးထားကြောင်း လူမူကူညီရေးပရဟိတအသင်းများက ဆိုသည်။

"သူတို့ကိုတော့ မြတ်စောညီနောင်ဘုရားဝင်းအတွင်း နေရာသုံးနေရာမှာ ကယ်ဆယ်ရေးစခန်းဖွင့် နေရာချထားတယ်။ မြတ်စောညီနောင်ဘုရားဝင်းအတွင်းက ညီတော်မှာ ရှိမယ်။ နောင်တော်မှာ ရှိမယ်" ဟု တောင်ငူမြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေပြီး ဆောင်းရာသီရောက်ရှိလာသဖြင့် အနွေးထည်နှင့် စောင်များလည်း လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

"အဓိကကတော့ စားနပ်ရိက္ခာပေါ့။ ဆန်က အဓိကကျတာပေါ့။ နောက်ပြီး ဆောင်းတွင်းရောက်လာပြီဆိုတော့ စောင်တွေဘာတွေ လိုတာပေါ့"ဟု တောင်ငူမြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောကြားသည်။

စစ်ဘေးရှောင်များအား တောင်ငူမြို့သူမြို့သားများနှင့် လူမူကူညီရေးပရဟိတအသင်းများက လှူဒါန်းသည့် စားနပ်ရိက္ခာများနှင့် ကူညီထောက်ပံ့နေရကြောင်း ၎င်းက ဆိုသည်။

"ကျွန်တော်တို့ တောင်ငူမြို့သူမြို့သား အလှူရှင်တွေကနေပြီးတော့ ထမင်းလှူတာတို့ ဆန်လေးတွေ လှူတာတို့ အဲဒါလေးတွေနဲ့ပဲ ကျွန်တော်တို့ ကူညီထောက်ပံ့ရတာပေါ့" ဟု ၎င်းက ပြောကြားသည်။

တောင်ငူမြို့ မြတ်စောညီနောင်ဘုရားဝင်းအတွင်း စစ်ဘေးရှောင်လာသူများမှာ နဂါးမောက်၊ ကျောက်ပုထိုး၊ ရေသိုးချောင်း၊ ညောင်ပင်လှနှင့် ရွာလေးရွာကျေးရွာများမှ ဖြစ်ပြီး အိမ်ထောင်စု ၉၆ စုနှင့် လူဦးရေ ၄၄၅ ဦးရှိကြောင်း သိရသည်။

"လက်ရှိအခြေအနေမှာ စစ်ဘေးရှောင်အရေအတွက်က တိုးလာနိုင်ခြေရှိတယ်။ သူတို့နေတဲ့ရွာတွေဘက်မှာ တိုက်ပွဲ အနည်းငယ်ဖြစ်လို့ ကြိုတင်ရှောင်ရှားတဲ့သဘောနဲ့ တောင်ငူကို လာရှောင်နေကြတာ။ ကြိုတင်မရှောင်လို့လည်း မဖြစ်ဘူးလေ။ နောက်ထပ်ဖြစ်လာနိုင်စရာတွေက အလားအလာပိုများနေတယ်ဆိုတော့လေ။ ဖြစ်လာနိုင်စရာ ပိုရှိတယ်" ဟု တောင်ငူမြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့သို့ စစ်ဘေးရှောင်လာသူများထဲတွင် ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးရှိပြီး လက်ရှိတွင် တောင်ငူဆေးရုံကြီးတွင် တက်ရောက်ကုသနေကြောင်း သိရသည်။

Most Read

Most Recent