ရန်ကုန်မြို့တွင် ပေါ်တာဆွဲခြင်းမရှိ သတင်း အမှားသာဖြစ်သည်ဟု နိုဝင်ဘာ ၂၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
“ ဒီလိုအချိန်မှာ သတင်းတွေကို ကောလာဟလ ဖြန့်နေကြတာပါ။ ပေါ်တာဆွဲတယ်ဆိုတာ မဟုတ်ဘူး။ ပြည်သူတွေစိတ်ပူဖို့မလိုဘူး ဆိုတာကို ပြောချင်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
ညပိုင်းတွင် ပေါ်တာဆွဲနေသည်ဟူသည့် သတင်းများကြောင့် ရန်ကုန်မြို့တွင်း ညပိုင်းများတွင် လူသွားလူလာ နည်းပါးသွားသည်ဟု ရန်ကုန်မြို့ခံများက ပြောကြားသည်။
“ သတင်းတွေက ထွက်နေတာပဲ။ ဘယ်နေရာမှာ ဖမ်းသွားတယ်ဆိုတာတွေက။ ဒါပေမဲ့ အတိအကျ မေးလိုက်ရင် ဘယ်သူမှ မသိကြဘူး။ ဒါပေမဲ့ သတင်းတွေကြောင့်တော့ ညပိုင်းတွေမှာ လူသွားလာတာ နည်း သွားတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။
အလားတူ ရန်ကုန်မြို့ရှိ ကုန်ပစ္စည်းရောင်းချသည့်ဆိုင်အချို့၊ ဆေးဆိုင်အချို့၊ ကာယလေ့ကျင့်ခန်းရုံ အစရှိသည့် ဆိုင်များမှာလည်း ပိတ်သိမ်းချိန်ကို တိုးမြှင့်လိုက်သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောကြားသည်။
“ ကျွန်တော်တို့ ကစားတဲ့ Gym ရုံဆိုရင် အရင်က ည ၈ နာရီအထိဖွင့်တာ။ အခု ဝန်ထမ်းတွေလည်း ပြန်ရတာလွယ်အောင် ၇ နာရီခွဲဖြစ်သွားတယ်။ ကစားတဲ့သူတွေကလည်း ၇ နာရီခွဲအထိပဲ ကစားလို့ရတော့ တယ်” ဟု မြောက်ဒဂုံမြို့နယ်ရှိ Gym ရုံတစ်ခုတွင် သွားရောက်ကစားနေသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း လူငယ်အချို့ ပျောက်ဆုံးနေကြောင်း ပုံများ၊ လိပ်စာများနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ဖြန့်ဝေနေခြင်းများလည်းရှိနေကြောင်း သိရသည်။















