မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခသည် အာဆီယံအတွက် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲနေသော ပြဿနာဖြစ်ဟု ဖိလစ်ပိုင်သမ္မတ ပြောကြား

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခသည် အာဆီယံအတွက် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲနေသော ပြဿနာဖြစ်ဟု ဖိလစ်ပိုင်သမ္မတ ပြောကြား
Published 20 November 2023
  Ref:Reuters

တိုက်ပွဲများ ပြင်းထန်နေခြင်းတို့နှင့်အတူ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ပဋိပက္ခသည် အာဆီယံအတွက် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသော ပြဿနာဖြစ်နေခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က ပြောကြားသည်။

နိုဝင်ဘာ ၂၀ ရက်တွင် ဟာဝိုင်ယီ၌ ပြုလုပ်သော ဖိုရမ်တစ်ခုတွင် မားကို့စ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖိုရမ်ကို ဖိလစ်ပိုင်တွင် ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ပေးခဲ့သည်။

အာဆီယံက ခိုင်ခိုင်မာမာလုပ်ဆောင်မှုများ ရှိနေသည်ဆိုသော်လည်း လူသားချင်းစာနာမှုဆိုင်ရာ သက်ရောက်မှုအပါအဝင် ပြဿနာသည် ရှုပ်ထွေးနေသည်ဟု ဖိလစ်ပိုုင်သမ္မတက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် ပြည်သူ တစ်သန်းကျော်သည် နေရပ်စွန့်ခွာခဲ့ရသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။

“ဒီပြဿနာကို ဖြေရှင်းဖို့ အာဆီယံအတွက် တွန်းအားအများကြီးရှိထားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပဋိပက္ခဟာ အလွန့်အလွန်ခက်ခဲတဲ့ ပြဿနာဖြစ်ပါတယ်” ဟု မားကို့စ်က ပြောကြားသည်။

အာဆီယံ၏ အချိန်နှစ်နှစ်ကြာ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို မြန်မာတပ်မတော် ခေါင်းဆောင်များက အကောင်အထည်မဖော်မချင်း ၎င်းတို့ကို အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခြင်းအား အာဆီယံက ပိတ်ပင်ထားသည်။

အာဆီယံသည် မြန်မာနိုင်ငံက ထမ်းဆောင်ရမည့် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို အစားထိုးသောကြောင့် ဖိလစ်ပိုင်သည် ၂၀၂၆ တွင် အာဆီယံဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မည်ဖြစ်သည်။

လွန်ခဲ့သောလတွင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများဖြစ်သော ညီနောင်သုံးဖွဲ့နှင့် ၎င်းတို့၏မဟာမိတ်အုပ်စုများ ချိတ်ဆက်လုပ်ဆောင်သည့် စစ်ဆင်ရေးကို တပ်မတော်က ရင်ဆိုင်နေရချိန်တွင်လူ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာနေရသည်။

ပဋိပက္ခနှင့်စပ်လျဉ်း၍ လူသားချင်းစာနာမှု ထိခိုက်ဆုံးရှုံးမှုသည် လွန်ခဲ့သောနှစ်များတွင် သိသိသာသာ ကြီးထွားလာခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ယင်းအနေအထားက ဖိလစ်ပိုင်ကိုလည်း သက်ရောက်ခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၌ လူကုန်ကူးခံရသော နိုင်ငံသားများထဲတွင် ၎င်း၏ဖိလစ်ပိုင် နိုင်ငံသားများလည်းပါဝင်နေသည်ဟု ဖိလစ်ပိုင်သမ္မတက ဆိုသည်။        

Most Read

Most Recent