ရှမ်းမြောက်စစ်ပွဲများနှင့် တတိယအကြိမ် ကာလုံအစည်းအဝေး

ရှမ်းမြောက်စစ်ပွဲများနှင့် တတိယအကြိမ် ကာလုံအစည်းအဝေး
ကိုးကန့်ဒေသတွင် တိုးချဲ့ဖွင့်လှစ်လိုက်သည့် ရန်လုံကျိုင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူအချို့ကို တွေ့ရစဉ် (Photo: ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတင်းနှင့်ပြန်ကြားရေးဌာန)
ကိုးကန့်ဒေသတွင် တိုးချဲ့ဖွင့်လှစ်လိုက်သည့် ရန်လုံကျိုင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူအချို့ကို တွေ့ရစဉ် (Photo: ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတင်းနှင့်ပြန်ကြားရေးဌာန)
Published 12 November 2023

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေးကြောင့် တပ်စခန်းများနှင့် မြို့အချို့ သိမ်းပိုက်ခံရပြီးနောက်ပိုင်း နိုဝင်ဘာ ၈ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီအစည်းအဝေး ကျင်းပခဲ့သည်။

နစကလက်ထက်တွင် ယခုကာလုံအစည်းအဝေး ကျင်းပခြင်းသည် တတိယအကြိမ်မြောက်လည်းဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပထမအကြိမ်ခေါ်ယူခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ဒုတိယအကြိမ် ခေါ်ယူခဲ့သည်။ ယခု တတိယအကြိမ် ကျင်းပသည့် ကာလုံအစည်းအဝေးသည် ယခင်ကကျင်းပခဲ့သည့် ကာလုံအစည်းအဝေးများနှင့် အကြောင်းအရာချင်း မတူညီပေ။

ယခင်ကျင်းပခဲ့သည့် ကာလုံအစည်းအဝေးများမှာ အရေးပေါ်အခြေအနေကြေညာထားသည့်ကာ လပြည့်မြောက်သည့်အတွက် သက်တမ်းတိုးရန် ခေါ်ယူခြင်းဖြစ်ပြီး ယခုကျင်းပသည့် တတိယအကြိမ်မြောက်  ကာလုံအစည်းအဝေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၂၇ ရက်မှစ၍ လောက်ကိုင်ဒေသ ချင်းရွှေဟော်ကို အဓိကထားပြီး ကိုးကန့်အဖွဲ့(MNDAA)က တိုက်ခိုက်ခဲ့ကြောင်း ပြောကြားသည်။

အဓိကအားဖြင့် မူဆယ်နှင့်ချင်းရွှေဟော်ဒေသသည် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကထား ဆောင်ရွက်သည့် နေရာဒေသဖြစ်ကြောင်း၊ လောက်ကိုင်မြို့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့ဖြစ်ပြီး MNDAA အဖွဲ့အနေဖြင့် ၎င်းတို့၏ သြဇာအာဏာကို ပြန်လည်တည်ဆောက်ရန်အတွက် ယခုကဲ့သို့ တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

MNDAA အနေဖြင့် “၀” နယ်မြေအတွင်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး “၁၀၂၇” စစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အပြင် KIA၊ PDF များလည်း ပါဝင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ 

ထို့ပြင် MNDAA အနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုမှရရှိသည့် အကျိုးအမြတ်များကို ခံစားလိုပြီး ၎င်းတို့၏အာဏာကို တည်ဆောက်လိုခြင်းကြောင့် ယခုဖြစ်စဉ်များ ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း၊ လောက်ကိုင်ဒေသနှင့် ပတ်ဝန်းကျင်တွင် ၁၇ နှစ်အတွင်း ကျပ် ၇၁ ဒသမ ၅၉ ဘီလျံကျော် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့ မူးယစ်ဆေးဝါးမှရရှိသည့် အကျိုးအမြတ်များကို သိရှိခြင်းကြောင့် MNDAA အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လောက်ကိုင်ဒေသတွင် ၂၀၂၂ ခုနှစ်အတွင်း အွန်လိုင်းငွေကြေး လိမ်လည်မှုများပြားလာကြောင်းနှင့် ယင်းသို့ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသူများမှာ တစ်ဖက်နိုင်ငံသားများ ပိုင်ဆိုင်သည့် ဟိုတယ်လုပ်ငန်းများ ဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

လောက်ကိုင်နှင့် ချင်းရွှေဟော်ဒေသတွင် ဟိုတယ် ၁၅၃ ခုသည့်အနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ထားသောဟိုတယ် ၁၂ လုံးသာရှိပြီး ကျန်ဟိုတယ် ၁၄၁ လုံးမှာ လောက်ကိုင်ဒေသအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် လုပ်ပိုင်ခွင့်မရှိဘဲ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ယင်းဟိုတယ်အများစုမှာ တစ်ဖက်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံဆောက်လုပ်ထားသည့် ဟို တယ်များဖြစ်သည်ကိုတွေ့ရကြောင်း၊ ယင်းဟိုတယ်များ၌ အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အခြားတရား မဝင်လုပ်ငန်းများဆောင်ရွက်နေသည်ကို  စိစစ်တွေ့ရှိရသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

 

လောက်ကိုင်ဒေသအတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်ခြင်းများ မရှိစေရန် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးနှင့် ဆွေးနွေးသဘောတူချက်အတိုင်း နှစ်နိုင်ငံ Task Foce ဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ၎င်းက ပြောကြားသည်။

မူဆယ်နှင့် ချင်းရွှေဟော်ဒေသသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ကုန်သွယ်ရေးတွင် အ ဓိကကျသည့်လမ်းကြောင်းဖြစ်သည့်အပြင် နိုဝင်ဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည် ဆောက်ခဲ့သော ကွမ်းလုံတံတားသစ် ဖွင့်လှစ်ရန်အတွက် စီစဉ်ပြီးဖြစ်ကြောင်း၊ ထိုသို့သော အခြေအနေနှင့် အချိန်အခါ၌ MNDAA က ၎င်းဒေသကို တိုက်ခိုက်လာသည်မှာ များစွာသတိပြုသင့်သောအချက်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားသည်။

ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း၊ ဖြစ်စဉ်တွင် မိမိတို့နိုင်ငံမှ ကျည်ဆန်များ တရုတ်နိုင်ငံအတွင်း ကျရောက်သည်ဟု ပြောဆိုမှုများကြောင့် နှစ် ဖက်တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နယ်စပ်ဒေသဖြစ်သဖြင့် စစ်ဆင်ရေးဆောင်ရွက်ရာတွင် အထူးပင် ကန့်သတ်ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ သို့သော်တစ်ဖက် အဖွဲ့အစည်းများအနေဖြင့် လက်လွတ်စပယ် လုပ်ဆောင်ခဲ့မှုနှင့် နှစ်နိုင်ငံအထင်အမြင်လွဲအောင် လုပ် ဆောင်နေမှုများရှိကြောင်း ၎င်းက ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသဖြစ်စဉ်များတွင် MNDAA အဖွဲ့အနေဖြင့် Drone များကို အဓိကထားအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ Drone များမှာ တရုတ်နိုင်ငံထုတ်ကုန်ထုတ် လုပ်ငန်းသုံး Drone များဖြစ်ပြီး စျေးကွက်တွင် လွယ်ကူစွာ ဝယ်ယူ၍ရနေကြောင်း ၎င်းကဆိုသည်။

MNDAA အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသတွင် အာဏာပြန်လည်တည်ဆောက်နိုင်ရေး၊TNLA အဖွဲ့အနေဖြင့် ပလောင်ပြည်နယ်ရရှိရေး၊ ကိုးကန့်အနေဖြင့် ကိုးကန့်ပြည်နယ်ရရှိရေးအတွက် ဆောင် ရွက်နေခြင်းဖြစ်ကြောင်းကိုလည်း ၎င်းက ပြောကြားသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများနှင့်ပတ်သက်၍ လိုအပ်သည့် လက်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာ ကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ် စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးအပြင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့် ဆွေလည်း တက်ရောက်ခဲ့သည်။

ကာလုံအဖွဲ့ဝင်အသီးသီး၏ ရှင်းပြချက်များအပြီးတွင် ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိဖြစ်ပွားနေသည့် ရှမ်းမြောက်အရေးတွင် တပ်မတော်အနေဖြင့် ယခုကဲ့သို့ စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ယခုကိစ္စကို သေသေချာချာ စနစ်တကျ ကိုင်တွယ်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားပြီး ကာလုံအစည်းအဝေးကို မှတ်တမ်းတင်ခဲ့သည်။

အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီမှစပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသများ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင် စသည့် နယ်စပ်ဒေသများသို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ နယ်မြေခံတပ်ရင်း ဌာနချုပ်နှင့်နယ်မြေလုံခြုံရေးစခန်းများကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။ 

“အဲဒီနေ့မှာပဲ ဖောင်ဆိပ်လုံခြုံရေးစခန်း တိုက်ခိုက်ခံရတယ်။ ဖောင်ဆိပ်တံတားမိုင်းထောင်ဖျက်ဆီးခြင်း ခံရတယ်။ အောက်တိုဘာလ ၂၈ ရက်နေ့မှာလည်း အဲဒီနေရာတွေမှာ ဆက်လက်တိုက်ပွဲဖြစ်ပွား တာ တွေ့ရတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ သိန္နီ၊ လားရှိုး၊ နောင်ချို၊ နမ္မတူ၊ ဟိုပန်၊ အဲဒီဘက်တွေမှာ တိုက်ပွဲလေးတွေ ဖြစ်ပွားခဲ့တာရှိတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့မှာတော့ နမ့်ခန်းတို့၊ မွန်းဂိုးတို့၊ ကွတ်ခိုင်၊ လားရှိုးတို့၊ နမ္မတူမှာ ဖြစ်ပွားခဲ့တာရှိတယ်။ အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ လားရှိုးဘက်မှာ ပစ်ခတ်မှု အနည်းငယ်ရှိခဲ့တယ်”ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရှှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်၊ လောက်ကိုင်၊ လားရှိုး၊ ကွမ်းလုံ၊ သိန္နီမြို့တို့တွင်တိုက်ပွဲများ ဖြစ်ပွားမှုအပေါ် လုံခြုံရေးအရ တန်ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“တပ်မတော်အနေနဲ့ကတော့ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက်ကိုတော့ ကျွန်တော်တို့အနေနဲ့ ပြန်လည်ပြီးတော့ လုံခြုံရေးအရတန်ပြန်ဆောင်ရွက်မှုများကို ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အခုလည်း ပြုလုပ်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေး တစ်ပတ်အကြာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ်စသည့်နေရာသုံးခုကို အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်း များအနေဖြင့် လက်လွှတ်ခဲ့ရကြောင်း နစကဘက်က ထုတ်ပြန်လာသည်။

“ဒီအချိန်မှာတော့ အစိုးရရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေ လက်လွှတ်ခဲ့ရတဲ့နေရာ ရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ် ဒီသုံးခုတော့ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သို့သော် မြောက်ပိုင်းမဟာ မိတ်သုံးဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေး ၁၄ ရက်အကြာတွင် စစ်ရေးဗျူဟာ အရ အရေးပါသော ဗျူဟာကုန်းများ၊ စခန်းကြီး၊ စခန်းငယ်၊ ကာကင်းများ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ စခန်းများနှင့် ပြည်သူ့စစ်စခန်းများအပါအဝင် တပ်စခန်းစုစုပေါင်း ၁၅၀ ခန့်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်က ထုတ်ပြန်ခဲ့သည်။

သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့တွင် တပ်မတော်ကလွှမ်းမိုးမှု ပြန်လည်ရရှိထားပြီး ချင်းရွှေဟော်နှင့် မုံးကိုးတို့တွင်လည်း လုံခြုံမှု ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဒီနေ့ (နိုဝင်ဘာ ၁၀ ရက်) ရှမ်းပြည်နယ်(မြောက်ပိုင်း)တိုက်ပွဲဖြစ်ပွားမှု အခြေအနေကတော့ ကွမ်းလုံမြို့မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိတယ်။ ကွမ်းလုံမြို့ တချို့နေရာတွေမှာတော့ MNDAA သာင်းကျန်းသူတွေ ရောက်ရှိနေတာတွေ့ရတယ်။ ကွမ်းလုံဗျူဟာနဲ့ကွပ်ကဲမှုအောက် တပ်တွေအနေနဲ့ကတော့ ရက်သတ္တပတ် တစ်ပတ်ခန့်ရှိပြီ။ ရန်သူကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နေတာမျိုး ဖြစ်ပါတယ်။ ပြီးရင်တော့ TNLA ဝင်ရောက်သွားတဲ့ သိန္နီမြို့အခြေအနေမှာတော့ သိန္နီမှာရှိတဲ့ တပ်တွေအနေနဲ့ ပြန်လည်လွှမ်းမိုးမှု ရရှိပြီး ဖြစ်ပါတယ်။ ပြီးရင် လားရှိုးမြို့အနီးတစ်ဝိုက်၊ ကွတ်ခိုင်တစ်ဝိုက်မှာရှိတဲ့ သောင်းကျန်းသူ ပူး ပေါင်းအဖွဲ့တွေကိုတော့ ရှင်းလင်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ ထို့အတူ မုံးကိုးတို့၊ ချင်းရွှေဟော်တို့၊ လက် လွှတ်ခဲ့ရတဲ့ နေရာလေးတွေရှိတယ်။ ဒီလက်လွှတ်ခဲ့ရတဲ့ နေရာလေးတွေမှာလည်း ပြန်လည်ပြီးတော့ လုံခြုံမှုတည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ အောက်တိုဘာ ၂၇ ရက်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ ခြောက်သောင်းကျော် ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ 

 

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများနှင့်ပတ်သက်၍ လိုအပ်သည့် လက်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ကာလုံအစည်းအဝေးတွင် ပြောကြားထားသဖြင့် ရှမ်းမြောက်အရေးသည် မည်သို့ဆက်လက်ဖြစ်ပွားလာမည်ကို စစ်ရေးလေ့လာသူများက ဆက်လက်စောင့်ကြည့်လျက်ရှိကြသည်။