ဘင်္ဂလားဒေ့ရှ် တာကာနှင့် မြန်မာ ကျပ်တို့ဖြင့် ကုန်သွယ်မှုတွင် တိုက်ရိုက်ငွေပေးချေနိုင်ရေး ဆွေးနွေး

ဘင်္ဂလားဒေ့ရှ် တာကာနှင့် မြန်မာ ကျပ်တို့ဖြင့် ကုန်သွယ်မှုတွင် တိုက်ရိုက်ငွေပေးချေနိုင်ရေး ဆွေးနွေး
Published 11 November 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E Dr.Md Monwar Hossain တို့ နိုဝင်ဘာ ၁၀ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်ရေး ပိုမိုတိုးတက်စေရန်အတွက် ဘင်္ဂလားဒေ့ရှ် တာကာ/မြန်မာ ကျပ်တို့ဖြင့် ကုန်သွယ်မှုတွင် တိုက်ရိုက်ငွေပေးချေရေးအား ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ခြင်းကိစ္စရပ်အပါအဝင် နှစ်နိုင်ငံဘဏ်များကြား လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ စီးပွားရေးင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E Dr.Md Monwar Hossain ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၁၀ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှု၌ နယ်စပ်ဂိတ်များမှ တစ်ဆင့်ကုန်သွယ်မှုများ အဆင်ပြေချောမွေ့စေရေးနှင့် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်သာမက အခြားထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲများသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent