နစကဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတွေ့ဆုံ၍ စွမ်းအင်နှင့်နည်းပညာဆိုင်ရာအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆွေးနွေး

နစကဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတွေ့ဆုံ၍ စွမ်းအင်နှင့်နည်းပညာဆိုင်ရာအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆွေးနွေး
Published 27 October 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲအာဇီဇော့ဖ်တို့သည့် အောက်တိုဘာ ၂၆ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသိုတွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားလာမှုကဏ္ဍနှင့် ပညာရေးကဏ္ဍအပါအဝင် ဆောင်ရွက်ဆဲကဏ္ဍအလိုက် လုပ်ငန်းများဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)နှင့် ဆက်စပ်၍ ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့်စပ်လျဉ်းပြီး ရုရှားနိုင်ငံမှကူညီဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များ၊ စွမ်းအင်နှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ နစကအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲအာဇီဇော့ဖ်တို့သည် အောက်တိုဘာ ၂၆ ရက်တွင် နေပြည်တော်၊ ရုံးအမှတ် (၁၀)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။      

ယင်းသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံမူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အပေါ် ဆွေးနွေးခဲ့ပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး မစ္စတာအီစ်ကန်ဒဲအာဇီဇော့ဖ်တို့သည် အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရုရှားနိုင်ငံရှိ တက္ကသိုလ်များ၊ သုတေသနဌာနများနှင့်မြန်မာနိုင်ငံမှ တက္ကသိုလ်များအချင်းချင်း ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ သုတေသနလုပ်ငန်းများ၊ နျူးကလီးယားနည်းပညာအား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးမြှင့်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မြန်မာ-ရုရှားသိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ပညာသင်စေလွှတ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

Most Read

Most Recent