ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုနှင့် လုံးခင်းကျေးရွာအုပ်စုအကြားရှိ မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၅၀ ခန့် ပျောက်ဆုံးနေ

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုနှင့် လုံးခင်းကျေးရွာအုပ်စုအကြားရှိ မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၅၀ ခန့် ပျောက်ဆုံးနေ
Published 29 December 2016
အောင်ဟိန်းမင်း

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နှင့် လုံးခင်းကျေးရွာအုပ်စုအကြားရှိ ကန်ခမ်စုပေါင်းမြေစာပုံမှ ကျောက်စိမ်းနန်းတော်ကုမ္ပဏီ မြေစာစွန့်ပစ်သော အခြမ်းတွင် မြေစာပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ ၅၀ ခန့် ပျောက်ဆုံးနေကြောင်း သိရသည်။
ဒီဇင်ဘာ ၂၈ ရက် ညနေ ၅ နာရီခန့်က ပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါပြိုကျသည့် နေရာအား ကန်ခမ်စုပေါင်းမြေစာပုံမှ တစ်သုံးလုံးမြေစာပုံဟုလည်း ခေါ်ဆိုကြကြောင်း သိရသည်။
အဆိုပါ ပြိုကျသည့်ဖြစ်စဉ်တွင် ကုမ္ပဏီမှမြေသယ်ယာဉ် တစ်စီးလည်း ပါဝင်ခဲ့ကြောင်း၊ နစ်မြုပ်ပျောက်ဆုံးနေသူ အရေအတွက်မှာ အတိအကျသိရှိနိုင်ရန် ခက်ခဲပြီး လတ်တလော အခြေအနေတွင် လူပျောက်စာရင်းများ ကောက်ယူနေကြောင်း ဆိပ်မူကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
“ပြိုကျလာတဲ့အချိန်မှာ ကျွန်တော်က အောက်ခြေနားမှာ ရှိနေတော့ အတိုင်းသား မြင်နေရတယ်။ လူတွေမျောပါလာတာ ကားကြီးလိမ့်ပါလာတာ မြင်ရတယ်။ ကျွန်တော့်အမြင်မှာတော့ လူ ၂၅၊ ၃၀ ကတော့ အနည်းဆုံး ပါသွားမယ်ထင်တယ်။ ဟိုဘက်တခြမ်းက ပြိုကျတဲ့ဟာကိုတော့ ကျွန်တော် မခန့်မှန်းတတ်ဘူး။ အရှည်ကြီး ပြိုကျတာဆိုတော့ တချို့တွေကလည်း ဒီဘက်အခြမ်းမှာ လူ ၄၀ လောက်၊ ဟိုဘက်အခြမ်းမှာ လူ ၂၀ လောက် မြုပ်သွားတယ်ဆိုပြီး ခန့်မှန်းနေကြတယ်။ ဒီနေရာကို မြေစာဝိတ်လျှော့ဖို့ ပြောတာကို ခဏပဲ သွန်တော့မှာဆိုပြီး လုပ်နေတာ။ ကျွန်တော်ဒီမှာနေတာ သုံးနှစ်ရှိပြီ။ ဒီလိုပြိုကျတဲ့ အကြောင်းရင်းက မြေစာပုံကလည်း မြင့်တယ်။ ဒီမြေစာပုံအောက်မှာကလည်း ရေကြောရှိတယ်။ အရင်ဒီမှာ ရွာတန်းလေးရှိတုန်းက ဒီကရေပဲ ယူသုံးရတာ”ဟု မျက်မြင်ကြုံတွေ့ခဲ့သည့် အဆိုပါမြေစာပုံအနီး နေထိုင်သူ ဦးရဲရင့်ထွန်းက ပြောကြားသည်။
နစ်မြုပ်ပျောက်ဆုံးနေသူ စာရင်းအား အတိအကျသိနိုင်ရန် ခက်ခဲနေသော်လည်း မျက်မြင်ကြုံတွေ့ခဲ့သူများအနေဖြင့် ရေမဆေးကျောက်ရှာဖွေသူ ၅၀ ခန့် နစ်မြုပ်သေဆုံးနိုင်ကြောင်း ခန့်မှန်းထားပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ည ၈ နာရီခန့်တွင် လာရောက်ကြည့်ရှုခဲ့ပြီး ကျေးရွာရပ်မိရပ်ဖများနှင့် ကုမ္ပဏီတာဝန်ရှိသူများအား ဆက်လက်ဆောင်ရွက်ရန်ရှိသည်များ မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစာပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးကို ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစေပြီး နစ်မြုပ်ပျောက်ဆုံးနေသူများအား ဒီဇင်ဘာ ၂၉ ရက် နံနက်မှသာ ရှာဖွေတော့မည် ဖြစ်ကြောင်း၊ လက်ရှိတွင် လူပျောက်စာရင်းအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ လိုက်လံ ကောက်ခံလျက်ရှိကြောင်း သိရသည်။