ဇန်နဝါရီတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလ ထုတ်ပြန်

ဇန်နဝါရီတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလ ထုတ်ပြန်
Published 29 December 2016
ဆန်းထူးအောင်

ဇန်နဝါရီတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လပတ် မိုးလေဝသခန့်မှန်းချက်အရ သိရသည်။
ခန့်မှန်းချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း မိုးရွာသွန်းနိုင်မှုအခြေအနေသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးအနည်းငယ် ရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် ခြောက်ရက်မှ ခုနစ်ရက်ခန့်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လေးရက်မှ ငါးရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နှစ်ရက်မှ သုံးရက်ခန့် မိုးအနည်းငယ် ရွာနိုင်ကြောင်း သိရသည်။
ညအပူချိန်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် ပိုနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၁၀ ရက်မှ ၁၅ ရက်ခန့်၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် လေးရက်မှ ကိုးရက်ခန့် နံနက်ပိုင်းတွင် မြူ များ ကျဆင်းနိုင်ကြောင်း သိရသည်။