တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးမှာ ယနေ့အထိ အားနည်းနေဆဲဖြစ်ကြောင်း MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ပြောကြား

တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးမှာ ယနေ့အထိ အားနည်းနေဆဲဖြစ်ကြောင်း MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ပြောကြား
Published 29 December 2016
ဝေလင်းအောင်

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကင်းမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်ပိုင် အားကစားကွင်းအား လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူခြံခတ်ထားခြင်းကို MDCF ခေါင်းဆောင် ကိုထင်ကျော်နှင့် ရပ်ကွက်နေ ပြည်သူသုံးဦးက ခြံစည်းရိုးများကို ဖျက်ဆီးသည်ဟုဆိုကာ ပိုင်ရှင်ဦးမြင့်ဝေက တရားစွဲဆိုထားသည့်အမှုအတွက် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့တွင် စွပ်စွဲခံထားရသူ နှစ်ဦးက ခွင့်တိုင်ကြားထားသဖြင့် အမှုအား မစစ်ဆေးဖြစ်ကြောင်း သိရသည်။
ရုံးတင်ပြီးနောက် တရားရုံးမှ ပြန်လည်ခေါ်ဆောင်စဉ် ကိုထင်ကျော်က “ဒီကနေ့အထိ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ အားနည်းနေဆဲ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ ပြောဆိုခွင့်မရပါဘူး။ ကျွန်တော်တို့ MDCF အဖွဲ့အနေနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေဆီ ပို့ထားတဲ့ တိုင်ကြားစာတွေလည်း ယနေ့အချိန်အထိ အကြောင်းမပြန်သေးပါဘူး။ တိုင်ကြားစာတွေနဲ့ ပတ်သက်လို့ သေချာစစ်ဆေး ဖော်ထုတ်အရေးယူပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ မှားယွင်းရင်လည်း ကျွန်တော်တို့ကို အရေးယူနိုင်ပါတယ်”ဟု ပြော ကြားသည်။
ယခင် မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ တရားရင်ဆိုင်နေရသည့် ကိုထင်ကျော်ပါ လေးဦးတို့အမှုအား ရုံးပြောင်းလဲ စစ်ဆေးပေးပါရန် မြောက်ဥက္ကလာပမြို့နယ် တရားသူကြီးက အရှေ့ပိုင်းခရိုင် တရားရုံးသို့ လျှောက်ထားသဖြင့် အမှုအား ရန်ကင်းမြို့နယ်တရားရုံး၌ ဆက်လက်စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ ကိုထင်ကျော် အပါအဝင် ဦးဘဲလာ၊ ဦးရဲလေး၊ ဒေါ်မေမေရင်တို့ အား ပိုင်နက်ကျူးလွန်မှုပုဒ်မ ၄၄၇၊ အများအကျိုးဖျက်ဆီးမှုပုဒ်မ ၄၂၇ တို့ဖြင့် စွဲချက်တင် အမိန့်ချမှတ်ထားကြောင်း သိရသည်။
ထို့ပြင် ကိုထင်ကျော်မှာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (က)ဖြင့် လည်းကောင်း တရားစွဲဆိုခံထားရပြီး ကျောက်တံတားမြို့နယ် တရားရုံးတွင်လည်း ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲခံထားရကြောင်း MDCF အဖွဲ့ဝင်များထံမှ သိရသည်။