အင်းဝအပ်ချုပ်ဆိုင်မှ အိမ်အကူမိန်းကလေး မဆန်းကေခိုင်၏ ဝဲဘက်လက် တံတောင်ဆစ်တွင် ကျောက်တည်နေမှုအား ခွဲစိတ်မှုအောင်မြင်

အင်းဝအပ်ချုပ်ဆိုင်မှ အိမ်အကူမိန်းကလေး မဆန်းကေခိုင်၏ ဝဲဘက်လက် တံတောင်ဆစ်တွင် ကျောက်တည်နေမှုအား ခွဲစိတ်မှုအောင်မြင်
Published 29 December 2016
ဝေလင်းအောင်

အင်းဝအပ်ချုပ်ဆိုင်မှ အိမ်အကူမိန်းကလေး မဆန်းကေခိုင်၏ ဝဲဘက်လက် တံတောင်ဆစ်တွင် ကျောက်တည်နေမှုအား ခွဲစိတ်မှု အောင်မြင်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုပညာဌာန၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယခင်က ယာဘက်လက်ချောင်းလေးများအား ခွဲစိတ်မှုပြုလုပ်ခဲ့ပြီးဖြစ်ပြီး အခြေအနေ ကောင်းမွန်လာမှုရှိသည့်အတွက် ကျန်ရှိသည့် ကွေးဆန့်၍မရသော ဝဲဘက်လက် တံတောင်ဆစ်အား ခွဲစိတ်မှုပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
“မဆန်းကေခိုင်ရဲ့ ညာဘက် လက်ချောင်းလေးတွေ ခွဲစိတ်ပြီးပြီ။ ကိုင်နိုင်ဆုပ်နိုင်ပြီ။ စာရေးနိုင်ပြီ။ ဘယ်ဘက် တံတောင်ဆစ်ရှေ့မှာရှိနေတဲ့ ကြွက်သားထဲမှာ ကျောက်တည်ထားတဲ့အတွက် ခွဲစိတ်ရမှာပါ။ ကျောက်က ကြီးနေပါတယ်။ ဘယ်ဘက် လက်မောင်းရိုး ကျိုးထားတယ်။ အဲဒါကြောင့် အပြည့်မဆန့်နိုင်သေးဘူး။ ဒီနေ့ခွဲစိတ်မှုက အောင်မြင်ပါတယ်။ တံတောင်မှာ အပိုထွက်နေတဲ့ အရိုးစကို ဖယ်ရှားခဲ့ပါတယ်။ အခြေအနေအားလုံး ကောင်းမွန်ပါတယ်”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ခင်မောင်မြင့်က ပြောကြားသည်။
ထို့ပြင် အိမ်အကူမိန်းကလေးငယ် တစ်ဦးဖြစ်သည့် မသဇင်အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးသို့  လွှဲပြောင်းပေးလိုက်ကြောင်း၊ အဆိုပါဌာနတွင် သင်တန်းများ တက်ရောက် သင်ကြားလျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မဆန်းကေခိုင်၏ လက်နှင့် လက်ချောင်းများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခွဲစိတ်ကုသခဲ့ပြီး ယာဘက် လက်ချောင်းများမှာ ထိခိုက်ဒဏ်ရာကြောင့် အဆစ်များ ကပ်နေသည်ကို တွေ့ရှိခဲ့ကာ အမာရွတ်များကိုလည်း ဖယ်ရှားခဲ့ကြောင်း သိရသည်။
ထို့ပြင် အိမ်အကူမိန်းကလေး မသဇင်ကိုလည်း စိတ်ပိုင်းဆိုင်ရာ ဆရာဝန်များနှင့် ဆေးကုသပေးမှုအပြင် ထိခိုက်ဒဏ်ရာနှင့် အမာရွတ်များအား ဆေးကုသမှုပေးခဲ့ကာ အဆိုပါ မိန်းကလေးနှစ်ဦး၏ ဆေးကုသမှု ကုန်ကျစရိတ်များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးက တာဝန်ယူထားကြောင်းနှင့် အခြားထောက်ပံ့နေသည့်  အဖွဲ့အစည်းအချို့လည်းရှိပြီး အဓိကအားဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က လုပ်ဆောင်ပေးလျက် ရှိသည်။
အိမ်အကူမိန်းကလေးနှစ်ဦးအား ညှဉ်းပန်းနှိပ်စက်ပြီး လုပ်အားခ မပေးသည့် အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင်ခြောက်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၂၉/၃၂ တို့ဖြင့် အနောက်ပိုင်းခရိုင်တရားရုံး၌ တရားစွဲဆိုထားကြောင်း သိရသည်။ ထို့ပြင် ၎င်းတို့ကို ကျောက်တံတားမြို့မရဲစခန်းကလည်း ပုဒ်မ၃၂၆/ ၃၂၅/ ၃၄၄/ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်း ကလေးသူငယ်ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားသည်။