မကွေးတိုင်းအတွင်း အချိန်မီ မဖော်နိုင်ခဲ့သည့် မြေပဲခင်းများ လေလွင့်ဆုံးရှုံးမှု များနေပြီး စိုက်ခင်းများကို ရေလောင်း၍ ထွန်ယက်ရသည်အထိ ခက်ခဲနေ

မကွေးတိုင်းအတွင်း အချိန်မီ မဖော်နိုင်ခဲ့သည့် မြေပဲခင်းများ လေလွင့်ဆုံးရှုံးမှု များနေပြီး စိုက်ခင်းများကို ရေလောင်း၍ ထွန်ယက်ရသည်အထိ ခက်ခဲနေ
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြေပဲစိုက်ခင်းကို နွားဖြင့် ထွန်ယက်ပြီးမှ မြေပဲနုတ်သိမ်းနေစဉ်
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြေပဲစိုက်ခင်းကို နွားဖြင့် ထွန်ယက်ပြီးမှ မြေပဲနုတ်သိမ်းနေစဉ်
Published 29 December 2016
အောင်သူငြိမ်း (မကွေး)

နိုဝင်ဘာလပိုင်းက ရွာသွန်းခဲ့သည့် အခါမဲ့မိုးများနှင့် လုပ်သားမလုံလောက်မှုများကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ချောက်၊ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီးမြို့နယ်များအတွင်း ကျေးရွာများတွင် အချိန်နှင့် တစ်ပြေးညီ မဖော်နိုင်ခဲ့သည့်  မြေပဲခင်းများတွင် လေလွင့်ဆုံးရှုံးမှု အများဆုံးအခြေအနေနှင့် ကြုံတွေ့နေရပြီး ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာအချို့တွင် မြေပဲခင်းများကို ရေလောင်း၍ ထွန်ယက်ကာ ကောက်သင်းကောက်ယူနေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဇွန်လပိုင်းက စတင်စိုက်ပျိုးခဲ့သည့် သက်ရင့် (ပင်ပြန့်) မြေပဲများကို နိုဝင်ဘာလဆန်းပိုင်းတွင် အပြီးသတ်နှုတ်သိမ်း ခူးဆွတ်ရမည် ဖြစ်သော်လည်း အခါမဲ့မိုးများ ရွာသွန်းခဲ့မှုကြောင့် အချိန်မီ မနှုတ်သိမ်းနိုင်ခဲ့ကြောင်း လုပ်သားမလုံလောက်မှုကြောင့် သက်ရင့်မြေပဲများအား စတင်ရိတ်သိမ်းရမည့်အချိန်တွင် သြဂုတ်လပိုင်းက စိုက်ပျိုးခဲ့သည့် သက်နု (ပင်ဘပြန့်) မြေပဲများ နှုတ်သိမ်းရန် အချိန်ကျလာကြောင်း ထို့ကြောင့် လုပ်သားမလုံလောက်မှုကို ပိုမိုကြုံတွေ့လာရပြီး မြေပဲခင်းများ၏ အပေါ်ယံမြေကြောများ တင်းမာကုန်သည့် အခြေအနေများကြောင့် အပင်ကို ဆွဲနှုတ်လိုက်သည်နှင့် တစ်ပါတည်း ပါလာရမည့် မြေပဲတောင့်များသည် မြေကြီးအတွင်း ကြွေကျန်နေခဲ့ကြောင်း၊ ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာအချို့တွင် မြေပဲပင်များအား နှုတ်ယူရန် ခက်ခဲသောကြောင့် ထွန်ဖြင့် ထွန်ယက်သည်ပင် နွားမရုန်းနိုင်သောကြောင့် ရေဖျန်း၍ ထွန်ယက်နေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ဒီလို ခက်ခက်ခဲခဲ မြေပဲဖော်ရတာမျိုး မကြုံဖူးပါဘူး။ မြေပဲတွေ နှုတ်ရတော့မယ့်အချိန်မှာ မိုးတွေရွာခဲ့တော့ မြေကြောတွေ တင်းကုန်ခဲ့တာပါ။ လုပ်သားကလည်း ဘယ်လိုမှ ခေါ်လို့မလွယ်တော့ ကိုယ့်အခင်းအတွက် ကိုယ့်မိသားစုနဲ့ကို ဖော်ယူနေကြရတာပါ။ အဲဒီတော့ အချိန်တွေ နောက်ကျလွန်းပြီး လေလွင့်ဆုံးရှုံးမှုတွေ များကုန်တာပါ။ အခုလည်း မြေကြီးထဲမှာ ဒီအတိုင်းထားရတော့မှာအတူတူ ရသလောက် ကောက်သင်းကောက် ယူနေရတဲ့ အခြေအနေပါ။ တချို့အခင်းတွေက ရေဖျန်းပြီး ထွန်ယက်ဖို့ကို ရေသယ်ဖို့ဝေးတော့ ဘာမှမလုပ်နိုင်ကြတာလည်း ရှိပါတယ်” ဟု ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာမှ တောင်သူဦးဘိုလွင်က ပြောကြားသည်။
အဆိုပါကဲ့သို့ လေလွင့်ဆုံးရှုံးမှု များပြားခဲ့သည့်အပြင် မြေပဲဈေးများလည်း ယခင်နှစ်ကထက် လျော့ကျနေခဲ့ကြောင်း ထို့ကြောင့် မြေပဲအတောင့် တစ်တင်းအတွက် လုပ်အားခကုန်ကျငွေနှင့် မြေပဲအတောင့် တစ်တင်း ရောင်းချရသည့်ဈေးသည် တန်းတူနီးပါး ဖြစ်လာကြောင်း သိရသည်။ ဒီဇင်ဘာ ၂၈ ရက်က မကွေးဈေးကွက်တွင် မြေပဲအတောင့်အခြောက် တစ်တင်းလျှင် ကျပ် ၁၀၀၀၀ ဝန်းကျင် ပေါက်ဈေးရှိကြောင်း မြေပဲပင်များသည် နွားစာအတွက် အဓိကကျသောကြောင့် အချိန်နောက်ကျ၍ နှုတ်ဆွတ်ခဲ့ရသည့် ကျေးရွာများတွင် ယခုလာမည့်နွေရာသီ၌ နွားစာ အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း ဒေသခံတောင်သူများထံမှ သတင်းရရှိသည်။