မန္တလေးမြို့ ဘော်ဒါဆောင်တစ်ခုတွင် ပိုင်ရှင်ကျောင်းဆရာက ကျောင်းသူတစ်ဦးအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ထား

မန္တလေးမြို့ ဘော်ဒါဆောင်တစ်ခုတွင် ပိုင်ရှင်ကျောင်းဆရာက ကျောင်းသူတစ်ဦးအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ထား
Published 29 December 2016
ယဉ်မျိုးသွယ်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ဘော်ဒါဆောင် တစ်ခုမှ ကျောင်းသူတစ်ဦးအား ပိုင်ရှင်ကျောင်းဆရာက သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်၊ ၅၆ လမ်းရှိ ဘော်ဒါနှင့် နေ့အထူးကျူရှင်တွင် ထားရှိသည့် မ....(၁၇ နှစ်) တက္ကသိုလ်ဝင်တန်းကျောင်းသူအား အဆောင်ပိုင်ရှင်က သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပြုကျင့်ခံရသူ မ....နှင့်အတူ အခြားကျောင်းသူနှစ်ဦးကိုလည်း ညအိပ်ထားရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး မ.... သည် စည်းကမ်းဖောက်ဖျက်သည်ဟု ဆိုကာ  အဆောင်ပိုင်ရှင်က မိခင်ဖြစ်သူထံ ပြန်လည်အပ်နှံခဲ့ရာ မ. . . . အား အကျိုးအကြောင်း မေးမြန်းကြည့်ရာမှ ထိုကဲ့သို့ ပြု ကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောင်ပိုင်ရှင်သည် အခြားကျောင်းသူနှစ်ဦးနှင့် အတူနေသည့် မ....အား ဂုဏ်ထူးထွက်အောင် သီးခြား စာသင်ပေးမည်ဟု ပြောဆိုသွေးဆောင်ကာ ၎င်းအခန်းအတွင်း ဆွဲခေါ်ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ရက်များတွင်လည်း အလျဉ်းသင့်သလို အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ မိဘများကို ပြန်မပြောရန်နှင့် ပြန်ပြောပါက သတ်ပစ်မည်၊ ကျောင်းထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့နောက် တစ်ခန်းတည်း အတူနေ ကျောင်းသူနှစ်ဦးက မ.... အား ကိုယ်ဝန်ရှိနေသလားဟု မေးမြန်းခဲ့၍ သူမက အဆောင်ပိုင်ရှင်အား ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
ထိုသို့ မ.... က ကိုယ်ဝန်ရှိနိုင်သလားဟု မေးမြန်းမှုအပေါ် စည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ မိဘများထံ ပြန်လည်အပ်နှံခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍  စတင်သိရှိချိန်က အဆောင်ပိုင်ရှင်၏ မိသားစုဘက်မှ လက်ထပ်ထိမ်းမြားပေးမည်ဟု ပြောဆိုခဲ့သော်လည်း ဆောင်ရွက်ပေးခဲ့ခြင်း မရှိသဖြင့် ဒီဇင်ဘာ ၂၇ ရက်တွင်  မ.... ၏ မိခင်ဖြစ်သူက အောင်ပင်လယ်နယ်မြေရဲစခန်း၌ (ပ) ၃၁၉/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၆၆ ဖြင့် အမှုဖွင့်ခဲ့ရာ တရားခံဖမ်းမိနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။