နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာငါးဘီလျံကျော် ရှိသော်လည်း ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု ပမာဏထက် လျော့ကျ

နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာငါးဘီလျံကျော် ရှိသော်လည်း ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု ပမာဏထက် လျော့ကျ
Published 29 December 2016
မင်းသီဟဇော်

ဒီဇင်ဘာ၂၃ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာငါးဘီလျံကျော် ရှိသော်လည်း နယ်စပ်ကုန်သွယ်မှု အများဆုံး ဆောင်ရွက်နေသည့် မူဆယ် နယ်စပ်ကုန်သွယ်ရေး စခန်းအပါအဝင် နယ်စပ်ကုန်သွယ်ရေး စခန်းငါးခုမှ နယ်စပ်ကုန်သွယ်မှု ပမာဏ လျော့နည်းခဲ့သဖြင့် နယ်စပ်ကုန်သွယ်မှု ပမာဏစုစုပေါင်းမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၁၅ ဒသမ ၃၁၈ သန်းလျော့ကျခဲ့ကြောင်း ကုန်သွယ်ရေး ဦးစီးဌာန၏ နယ်စပ် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ နယ်စပ်စခန်း ၁၆ ခု၏ စုစုပေါင်း နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၅၀၈၈ ဒသမ ၅၀၃ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု ပမာဏထက် ဒေါ်လာ ၁၅ ဒသမ ၃၁၈ သန်း လျော့ကျခဲ့ကြောင်း သိရသည်။
နယ်စပ်စခန်းများအနက် မူဆယ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ နဘုလယ်/ထီးခီးနှင့် စစ်တွေစခန်းများမှ ကုန်သွယ်မှုပမာဏ လျော့နည်းခဲ့ကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ၂၃ ရက်အထိ မူဆယ် နယ်စပ်စခန်း၏ နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၄၈၂ ဒသမ ၅၂၀ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၄၀၇ ဒသမ ၀၄၆ သန်းလျော့နည်းခဲ့သည်။ ထို့အတူ ကျိုင်းတုံနယ်စပ်စခန်းမှ ဒေါ်လာ ခုနစ်သန်းကျော်၊ ကော့သောင်း မှဒေါ်လာ ရှစ်သန်းကျော်၊ နဘုလယ်/ထီးခီးစခန်းမှ ဒေါ်လာ ငါးသိန်းကျော်နှင့် စစ်တွေစခန်းမှ ဒေါ်လာ တစ်သန်းကျော် အသီးသီး လျော့ကျခဲ့ကြောင်း သိရသည်။
ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တော ထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှု ပြုရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊မြိတ်၊ နဘုလယ်/ထီးခီး၊ မယ်စဲ့၊ မောတောင်၊ စစ်တွေ၊ မောင်တောစသည့် နယ်စပ်ကူးသန်း ရောင်းဝယ်ရေးစခန်း ၁၆ ခုကို ဖွင့်လှစ်ထားကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေး တိုးချဲ့နိုင်ရန်အတွက် ကုန်သွယ်မှုအရ အချက်အချာကျသည့် ဒေသများတွင် ကုန်သွယ်ရေး စခန်းများတိုးချဲ့ ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာ နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် အစီအစဉ်များရှိကြောင်း သိရသည်။