အရှေ့ - အနောက် စီးပွားရေး စင်္ကြံပေါ်တည်ရှိသော မြဝတီဒေသသည် စီးပွားရေး အလားအလာကောင်းများရှိနေပြီး သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးလာသည်နှင့်အမျှ ကုန်သွယ်မှု ထိန်းကျောင်းနိုင်ရန် Dry Port များတည်ဆောက်ရန် စီစဉ်ထား

အရှေ့ - အနောက် စီးပွားရေး စင်္ကြံပေါ်တည်ရှိသော မြဝတီဒေသသည် စီးပွားရေး အလားအလာကောင်းများရှိနေပြီး သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးလာသည်နှင့်အမျှ ကုန်သွယ်မှု ထိန်းကျောင်းနိုင်ရန် Dry Port များတည်ဆောက်ရန် စီစဉ်ထား
Published 28 December 2016
ဖြိုးဝေ

မြဝတီဒေသသည် အရှေ့ - အနောက် စီးပွားရေးစင်္ကြံ (East-West Economic Corridor) ပေါ်တွင်တည်ရှိနေခြင်းကြောင့် စီးပွားရေး အလားအလာကောင်းများ ရှိနေပြီး သီလဝါ စီးပွားရေးဇုန် ဖွံ့ဖြိုးလာသည်နှင့်အမျှ ကုန်သွယ်မှု ထိန်းကျောင်းနိုင်ရန် Dry Port များတည်ဆောက်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ပြောကြားချက်ကို မြဝတီမြို့၊ အာရှလမ်းမကြီးရှိ သောင်ရင်းခန်းမ၌ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ကုန်သည်များနှင့် လုပ်ငန်းရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့်အဖွဲ့က တွေ့ဆုံကာ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ သိရသည်။
မြဝတီဒေသတွင် Dry Port များတည်ဆောက်ရေး စီစဉ်ဆောင်ရွက်နေသည့်အပြင် ထိုင်း - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် (၂) တည်ဆောက်ပြီးစီးပါက ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ထားကြောင်း ဒေါက်တာသန်းမြင့်က ပြောကြားသည်။ မြဝတီမြို့၊ ထိုင်း - မြန်မာ ချစ်ကြည်ရေး တံတားအမှတ် (၂) သည် ယာဉ်သွားလမ်း လေးလမ်းပါရှိ၍ ၂၀၁၉ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှု မြှင့်တင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်နေပြီး၊ ကုန်သွယ်မှု ဖြေလျှော့ပေးရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်မှု ပညာပေးရေး၊ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေး၊ ကုန်သွယ်မှု မြှင့်တင်နိုင်ရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေးစသည့် မဏ္ဍိုင်ကြီးခြောက်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းနှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ဒေသတွင်း ကူးသန်းရောင်းဝယ်မှု အဆင့်မှ နိုင်ငံတကာနှင့် ချိတ်ဆက်၍ ကူးသန်းရောင်းဝယ်နိုင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များ နိုင်ငံတကာနှင့် ရင်ပေါင်တန်း လုပ်ကိုင်နိုင်ရေး ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
အရှေ့ - အနောက် စီးပွားရေး စင်္ကြံသည် မြဝတီမှ ထိုင်းနိုင်ငံသို့ ဆက်သွယ်သည့် လမ်းကြောင်းဖြစ်ပြီး လာအိုနှင့် ဗီယက်နမ်နိုင်ငံများအထိ ချဲ့ထွင်နိုင်မည်ဖြစ်သည်။ ထို့ပြင် ပြည်တွင်း၌လည်း အရေးပါသည့် ဒေသဖြစ်သည့် ရန်ကုန်မြို့နှင့် ချိတ်ဆက်ထားသည်။
ရန်ကုန် - မြဝတီ စီးပွားရေးစင်္ကြံသည် ရန်ကုန်၊ ပဲခူးနှင့် ကရင်ပြည်နယ်ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံနှင့် ချိတ်ဆက်ထားသည်။ အဆိုပါစင်္ကြံသည် နိုင်ငံဖွံ့ဖြိုးရေး ဗဟိုချက် (ရန်ကုန်)၊ သီလဝါ အထူးစီးပွားရေးဇုန်နှင့် အရေးကြီးသည့် နယ်စပ် စီးပွားရေးဇုန် (မြဝတီ) သို့ဆိပ်ကမ်း ဝန်ဆောင်မှုပေးခြင်းဖြင့် အချိတ်အဆက်ရှိနေကာ ပဲခူး၊ သထုံ၊ ဖာပွန် အစရှိသည့် အလားအလာရှိသော ဒေသသုံးခုကိုလည်း ဆက်သွယ်ပေးထားသည့်အပြင် ထိုင်းနိုင်ငံရှိ မဲဆောက် အထူးစီးပွားရေးဇုန်နှင့်လည်း ချိတ်ဆက်ထားနိုင်သဖြင့် ကာလတို ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်သားအခြေပြု ထုတ်လုပ်မှုလုပ်ငန်း တိုးချဲ့ဆောင်ရွက်ရေးတွင် အရေးပါနေကြောင်း သိရသည်။