ယာယီသက်သေခံလက်မှတ် (NVC) ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းချက် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ ထုတ်ပြန်

ယာယီသက်သေခံလက်မှတ် (NVC) ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းချက် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ ထုတ်ပြန်
Published 28 December 2016
ဇာလီမြင့်ဦး

ယာယီသက်သေခံလက်မှတ် Identity Card for National Verification (NVC) ကတ်ပြားများ ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းချက်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင်း နေထိုင်လျက်ရှိကြသော ပြည်သူများတွင် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားများ ရှိသကဲ့သို့ မြန်မာနိုင်ငံသားဥပဒေနှင့် စိစစ်နိုင်ခြင်း မရှိသော ပြည်သူများလည်းရှိကြပြီး ထိုသူများသည် မြန်မာနိုင်ငံတွင်း နေထိုင်သူများအဖြစ် သက်သေခံနိုင်ရန်အတွက် ၎င်းတို့အား မြန်မာနိုင်ငံသားဥပဒေနှင့် စိစစ်နိုင်ခြင်း မရှိသေးမီစပ်ကြား ယာယီ သက်သေခံလက်မှတ် ထုတ်ပေးကိုင်ဆောင်ထားကြကြောင်း၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများသည် နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီးဖြစ်၍ ၎င်းတို့အား မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှုများ ပြီးဆုံးပါက ထိုသူများသည် ဥပဒေနှင့်အညီ ထိုက်သင့်သည့် နိုင်ငံသားအဆင့်အတန်းများ ရရှိလာမည်ဖြစ်ပြီး ဥပဒေပါ နိုင်ငံသားအခွင့်အရေးများ အပြည့်အ၀ ရရှိလာမည်ဖြစ်ကြောင်းနှင့် ထို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့်  ထိုသူများအား နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၁၅)ဖြင့် ယာယီသက်သေခံလက်မှတ်၏ သက်တမ်းကုန်ဆုံးသည့် က်အား ၂၀၁၅ ခုနှစ် မတ် ၃၁ ရက် သတ်မှတ်ခဲ့ပြီး မေ ၃၁ ရက် မတိုင်မီ သက်တမ်းကုန်ဆုံးမည့် လက်မှတ်များ လာရောက်အပ်နှံရန် ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ အမိန့်ကြော်ငြာစာအား ၁၉၉၅ ခုနှစ်မှ ယနေ့အထိ နှစ် ၂၀ ကျော် ကြာမြင့်ပြီးဖြစ်၍ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ၏ တိကျသော အရေအတွက်အား သိရှိနိုင်ရန်၊ မိုးပွင့်အထူးစီမံချက်လုပ်ငန်းဖြင့် နိုင်ငံသားစိစစ်မှုအား အရှိန်မြှင့်ဆောင်ရွက်ချိန်တွင် ဘင်္ဂါလီလူမျိုးများ အပါအဝင် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများအား မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများအား ပြည့်ပြည့်၀၀ ဆောင်ရွက်ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားများ ရရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်စသည့် နိုင်ငံသားအခွင့်အရေးများ ရရှိလာကြစေရန် ရည်ရွယ်ထုတ်ပြန်ကြောင်းလည်း ဖော်ပြထားသည်။
ထို့နောက် ဧပြီ ၁ ရက်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ယာယီ သက်သေခံလက်မှတ် အပ်နှံရေးစခန်း စုစုပေါင်း ၅၇၀ ဖွင့်လှစ်ခဲ့ပြီး စိစစ်လက်ခံမည့်အဖွဲ့ ၃၀၄ ဖွဲ့ဖြင့် သက်တမ်းကုန်ဆုံးသော ယာယီ သက်သေခံလက်မှတ်များ အပ်နှံခြင်း၊ စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့နောက် ဧပြီ ၃ ရက်တွင် အဖွဲ့ဝင် ကိုးဦးပါ ယာယီ သက်သေခံလက်မှတ်နှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်စပ်ကိစ္စရပ်များ လေ့လာသုံးသပ်အကြံပြုရေး ကော်မရှင်ကို ဖွဲ့စည်း၍ ယာယီ သက်သေခံလက်မှတ် သက်တမ်းသတ်မှတ်ခြင်း၊ သက်တမ်းကုန် ယာယီ သက်သေခံလက်မှတ်များ ပြန်လည်အပ်နှံခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအဆင့်တိုင်းတွင် ဥပဒေနှင့်အညီဖြစ်စေရေး၊ ဥပဒေနှင့်အညီ ကတ်ပြား တစ်မျိုးမျိုး ပြန်လည်ထုတ်ပေးနိုင်ရေး စသည့်  အချက်များကို  အကြံပြုတင်ပြရန် တာဝန်ပေးခဲ့ကြောင်းလည်း ပါဝင်သည်။
ဆက်လက်၍ လေ့လာသုံးသပ် အကြံပြုရေးကော်မရှင် အစည်းအဝေးကို ဧပြီ ဒုတိယပတ်တွင် ပြုလုပ်ခဲ့ပြီး ယာယီ သက်သေခံလက်မှတ် သက်တမ်းကုန်ဆုံး အပ်နှံပြီးနောက် ဥပဒေနှင့်အညီ ကတ်ပြား တစ်မျိုးမျိုး ပြန်လည်ထုတ်ပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြပြီး ၁၉၅၁ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေအပိုဒ်မ ၁၃၊ အပိုဒ်ခွဲ (၄)အရ ယာယီ သက်သေခံလက်မှတ် အပ်နှံသူများအား ပြန်လည်ထုတ်ပေးမည့် သက်သေခံကတ်ပြား အမည်အား နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (Identity Card for National Verification ) ဟု သတ်မှတ်ထုတ်ပေးရန်နှင့် အရောင်အား အပြာနုရောင် သတ်မှတ်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ ကော်မရှင်က အတည်ပြုသည့် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (Identity Card for National Verification) ပုံစံအား ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း ဖော်ပြထားသည်။
စိစစ်ချက်အရ ယာယီသက်သေခံလက်မှတ်  ပြန်လည်မအပ်နှံနိုင်သူများမှာ အခြားကတ် တစ်မျိုးမျိုး ရရှိပြီးသူများ၊ ပျောက်ဆုံး၊ ပျက်စီးသူများ၊ သေဆုံးသူများ၊ ဒေသကင်းကွာ(ပြည်ပ)သူများနှင့် အပ်နှံခြင်း မပြုသေးသူများဖြစ်ကြောင်း သိရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သုံးမျိုး စာရင်းကောက်ယူခြင်း လုပ်ငန်းများဖြစ်သည့် မြေပုံရေးဆွဲခြင်း၊ မြေပုံပေါ်တွင် အဆောက်အအုံများ တင်ခြင်းနှင့် လူဦးရေ စစ်ဆေးခြင်းလုပ်ငန်းများဖြင့် Identity Card for National Verification  ကတ်ပြားများ ထုတ်ပေးနိုင်ရေးအား  ၂၀၁၅ ခုနှစ် ဇွန် ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်ထိ အခြေအနေမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ယနေ့အထိ ယာယီ သက်သေခံလက်မှတ်အပ်နှံရမည့်သူပေါင်း ၇၅၉၆၇၂ ဦးတွင်  ၄၆၉၁၈၃ ဦး အပ်နှံပြီးဖြစ်ကာ အပ်နှံပြီးစီးမှု ရာခိုင်နှုန်း ၆၁ ဒသမ ၇၆ ရှိကြောင်းလည်း ဖော်ပြထားသည်။ ယာယီသက်သေခံ လက်မှတ်များ ပြန်လည်အပ်နှံမှု စုစုပေါင်း ၄၆၉၁၈၃ ဦး အနက် ၃၂၀၁၆ ဦးအား NVC ကတ်ပြားများ ထုတ်ပေးပြီးစီးပြီး ဖြစ်ကြောင်းလည်း  သတင်းထုတ်ပြန်မှုအရ သိရသည်။
ထိုကဲ့သို့ ယာယီသက်သေခံ လက်မှတ်များ ပြန်လည်အပ်နှံမှု  ၄၆၉၁၈၃ ဦးတွင် ရခိုင်ပြည်နယ် တစ်ခုတည်းအတွက် ယာယီ သက်သေခံလက်မှတ် ပြန်လည်အပ်နှံမှု စုစုပေါင်း ၃၉၇၄၉၇ ဦး ရှိသည့်အနက် ၆၀၇၇ ဦးကို NVC ကတ်ပြားများ ထုတ်ပေးပြီးစီးပြီး ဖြစ်ကြောင်းနှင့် ယင်းကတ်ပြားများ ဆက်လက်ထုတ်ပေးနိုင်ရေးအတွက် သုံးမျိုးစာရင်း ကောက်ယူခြင်းများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ကတ်ပြားထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေဖြစ်သော ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ် မဟုတ် စိစစ်နိုင်ရန်နှင့် စိစစ်နေဆဲကာလအတွင်း မြန်မာနိုင်ငံအတွင်း နေထိုင်နေသူအဖြစ် အသိအမှတ်ပြုနိုင်ရန် ရည်ရွယ်ထုတ်ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား၏ အဆင့်အတန်း၊ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ကိုင်ဆောင်သူများမှ လိုက်နာဆောင်ရွက်ရမည့် တာဝန်နှင့် ရရှိနိုင်မည့် အခွင့်အရေးများ၊ ကိုင်ဆောင်သူများ လိုက်နာဆောင်ရွက်ရမည့် တာဝန်၊ရရှိနိုင်မည့် အခွင့်အရေးများကိုလည်း ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားသည်။