မန္တလေးစက်မှုဇုန်တွင် SME လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရပြီး လုပ်ငန်း ဆက်လက်ရပ်တည်နိုင်ရန် ငွေကြေးနှင့် နည်းပညာအခက်အခဲများ ရှိနေသဖြင့် အစိုးရမှ ကူညီပေးရန်လိုအပ်ကြောင်း စက်မှုလုပ်ငန်းရှင်များ ပြောကြား

မန္တလေးစက်မှုဇုန်တွင် SME လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရပြီး လုပ်ငန်း ဆက်လက်ရပ်တည်နိုင်ရန် ငွေကြေးနှင့် နည်းပညာအခက်အခဲများ ရှိနေသဖြင့် အစိုးရမှ ကူညီပေးရန်လိုအပ်ကြောင်း စက်မှုလုပ်ငန်းရှင်များ ပြောကြား
Published 28 December 2016
ဌေးလှအောင်

မန္တလေးစက်မှုဇုန်ရှိ SME လုပ်ငန်းများမှာ လက်ရှိအချိန်တွင် ရပ်ဆိုင်းလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရပြီး လုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရန်အတွက် ငွေကြေးနှင့် နည်းပညာအခက်အခဲများ ရှိနေသဖြင့် အစိုးရမှ ကူညီပေးရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်က မန္တလေးစက်မှုဇုန် ကနောင်ခန်းမ၌ ပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စက်မှုလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။
မန္တလေးစက်မှုဇုန်တွင် အကြီးစား စက်မှုလုပ်ငန်း ၃၈၅ ခု၊ အလတ်စား စက်မှုလုပ်ငန်း ၃၁၁ ခု၊ အသေးစား စက်မှုလုပ်ငန်း ၅၆၁ ခု စုစုပေါင်းစက်မှုလုပ်ငန်း ၁၂၅၇ ခုဖြင့် လုပ်ငန်းလည်ပတ်လျက် ရှိကြောင်း သိရသည်။ ထိုသို့ စက်မှုလုပ်ငန်းပေါင်း တစ်ထောင်ကျော် ရှိသည့်အနက် အသေးစား စက်မှုလက်မှုလုပ်ငန်းများမှာ လက်ရှိအချိန်တွင် ငွေကြေး၊ နည်းပညာ၊ လျှပ်စစ်၊ အခွန် အစရှိသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသဖြင့် ရပ်တည်ရန်အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း အသေးစားစက်မှုလုပ်ငန်းရှင်များက ပြောကြားသည်။
“ကျွန်တော်တို့ စက်မှုဇုန်မှာ အသေးစားစက်မှုလုပ်ငန်းတွေက တဖြည်းဖြည်းနဲ့ ပြိုလဲလာနေပါတယ်။ ဒီလို အသေးစားစက်မှုလုပ်ငန်းတွေကို အရင်အစိုးရအဆက်ဆက်တွေက အားပေးမှု နည်းခဲ့တယ်။ နောက်တစ်ခုက လျှပ်စစ်မီးပြဿနာပါ။ လျှပ်စစ်မီး ပုံမှန်မရှိခဲ့တဲ့အတွက် လုပ်ငန်းတွေ ရပ်နားထားရတယ်။ အခုကတော့ ပုံမှန်ဆိုသလို ဖြစ်လာပါပြီ။ ဒါပေမဲ့ ဒီထက် မီးအားပြည့်မီဖို့ လိုအပ်ပါတယ်။ အခုကျွန်တော်တို့ အသေးစားစက်မှုလုပ်ငန်းတွေဟာ ငွေကြေးနဲ့ နည်းပညာ လိုအပ်ချက်တွေလည်း ရှိပါတယ်။ ဘဏ်ချေးငွေကနေ ချေးပြီး လုပ်ငန်း လုပ်ဆောင်ရတယ်။ အတိုးနှုန်းက ကြီးပါတယ်။ အသေးစား စက်မှုလုပ်ငန်းတွေ ရှင်သန်နိုင်ဖို့အတွက် အစိုးရရဲ့ အကူအညီတွေ အများကြီးလိုအပ်ပါတယ်”ဟု မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဦးနေဝင်းက ရှင်းလင်းပြောကြားသည်။
ထိုသို့ အသေးစား စက်မှုလုပ်ငန်းများ ကျရှုံးနေမှုများနှင့် ပတ်သက်၍ ဦးနေဝင်းက အချက် (၆) ချက်ဖြင့် ရှင်းလင်းခဲ့သည်။ အသေးစားစက်မှုလုပ်ငန်းများ ဆက်လက် ရပ်တည်နိုင်ရန်အတွက် လျှပ်စစ်မီး ရရှိမှုအခြေအနေ၊ SME လုပ်ငန်းများအပေါ် အစိုးရ၏ ကူညီပံ့ပိုးမှုအခြေအနေ၊ ပြည်ပမှ တရားမဝင် ဝင်ရောက်လာသော ကုန်ပစ္စည်းများ၏ SME လုပ်ငန်းများအပေါ် ထိခိုက်မှု အခြေအနေ၊ နည်းပညာနိမ့်ပါးခြင်းနှင့် ကျွမ်းကျင်လုပ်သားများ ရှားပါးမှုအခြေအနေနှင့် SME လုပ်ငန်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အခြေအနေများဖြစ်ကြောင်း ယင်းအချက် (၆) ချက်ကို အသေးစိတ် ရှင်းလင်းခဲ့သည်။
အသေးစား စက်မှုလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲနေမှုများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ကျွန်တော်တို့အနေနဲ့ အခုတင်ပြသွားတဲ့ အသေးစား စက်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အချက်(၆) ချက်ကို လက်ခံပါတယ်။ ကျွန်တော်တို့အနေနဲ့ စဉ်းစားပြီးတော့ လုပ်ဆောင်ပေးသွားမှာပါ။ ဘာတွေ လုပ်ပေးမလဲဆိုတာတော့ ပြောလို့မရသေးဘူး။ စောစောကပြောသွားတဲ့ စည်ပင်က ထုတ်ပေးတဲ့ လုပ်ငန်းလိုင်စင်ကိစ္စ၊ နောက်ပြီး စက်မှုမြေဂရန်ကိစ္စ၊ လျှပ်စစ်မီး ဒါတွေကို ဆောင်ရွက်ပေးသွားမှာပါ”ဟု ပြောကြားသည်။
“ကျွန်တော်တို့က အသေးစားစက်မှု လုပ်ကိုင်တယ်။ အဲဒီနေရာမှာ ကျွန်တော်တို့မှာ ငွေကြေးက မရှိဘူး။ အစိုးရဘဏ်ကနေ ချေးယူတယ်။ အတိုးနှုန်းကလည်း ကျွန်တော်တို့အတွက် အဆင်မပြေဘူး။ ကျွန်တော်တို့ဟာ အသေးစားလုပ်ငန်းဖြစ်တဲ့အတွက် လေးနှစ် ငါးနှစ်လောက်မှ လုပ်ငန်းအဆင်ပြေပြီး ငွေကပေါ်မှာ။ နောက်ပြီး အခွန်ကိစ္စပေါ့။ ကျွန်တော်တို့က စည်ပင်သာယာမှာ လုပ်ငန်းလိုင်စင် ရရှိဖို့သွားပြီး ငွေဆောင်တယ်။ ငွေဆောင်ထားတဲ့ ပြေစာပဲ ထွက်လာတယ်။ လိုင်စင်က ရမလာဘူး။ ဒါကို စည်ပင်က လာစစ်တဲ့အခါမှာ လုပ်ငန်းလိုင်စင် မရှိလို့ဆိုပြီး ကျွန်တော်တို့ကို ဒဏ်ရိုက်တယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီလိုလုပ်ငန်းလိုင်စင်တွေနဲ့ ပတ်သက်ပြီး အမြန်ဆုံး လုပ်ဆောင်ပေးစေချင်တယ်”ဟု သံရည်ကျိုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။