တရုတ်နိုင်ငံအနီးရှိ ဒုက္ခသည်စခန်းဝန်းကျင်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စခန်းဒုက္ခသည် ၇၀၀၀ ကျော် ထွက်ပြေးနေရဟု KBC ပြောကြား

တရုတ်နိုင်ငံအနီးရှိ ဒုက္ခသည်စခန်းဝန်းကျင်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စခန်းဒုက္ခသည် ၇၀၀၀ ကျော် ထွက်ပြေးနေရဟု KBC ပြောကြား
Published 28 December 2016
ထွန်းလင်းအောင် (မြစ်ကြီးနား)

တရုတ်နိုင်ငံအနီးရှိ ဒုက္ခသည်စခန်းဝန်းကျင်တွင် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် စခန်းဒုက္ခသည် ၇၀၀၀ ကျော် ထွက်ပြေးနေရကြောင်း KBC (ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်) က ပြောကြားသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နယ်ခြားမှတ်တိုင် (အောက်မှတ်တိုင် ၈) အနီးရှိ မုန်ဂါဇွပ်(ခေါ်) ဇိုင်းအောင် စစ်ရှောင်ဒုက္ခသည်စခန်းအနီးတွင် ဒီဇင်ဘာ ၂၇ ရက်က  စခန်းအနီး၌ လက်နက်ကြီးကျည် ငါးခု ကျရောက် ပေါက်ကွဲမှုကြောင့် ဒုက္ခသည်များ တစ်နိုင်တစ်ပိုင်သယ်ယူကာ ထွက်ပြေးနေကြခြင်းဖြစ်ကြောင်း သိရသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွမ်က “ပြေးနေတာက မနေ့ညနေ ကတည်းကပါ။ လက်နက်ကြီး ငါးချက်ကျပြီးနောက် ညတွင်းချင်း လုံခြုံရေးမရှိလို့ ပြေးကြရတာပါ။ ဒီမနက်အထိ အဆက်အသွယ် ရပါသေးတယ်။ KBC ကနေ ထောက်ပံ့နေရတဲ့ စခန်းတစ်ခုပါ။ ဇိုင်းအောင် စခန်းတစ်ခုပါ။ ဒဏ်ရာရသူတော့ မရှိပါဘူး။ မနေ့က တပ်မတော်က သိမ်းပိုက်လိုက်တဲ့ လိုင်ဖောင်နဲ့တော့ ရှစ်မိုင်ဝေးပါတယ်။ တပ်နဲ့လည်း ဝေးသလို ကေအိုင်အေစခန်းနဲ့လည်း မနီးပါဘူး။ တရုတ်နယ်စပ်နေရာမှာ နယ်ခြားမှတ်တိုင် အောက်မိုင်တိုင် ၈ အနီးမှာပါ။ အခု ဇိုင်းအောင်ကနေ ငါးမိုင်လောက်ဝေးတဲ့ နေရာကို ပြေးနေကြတာပါ။ ဆောင်းရာသီမှာ ဒီလိုတွေဖြစ်နေတာကတော့ စိတ်မချမ်းသာစရာပါ။ အားလုံးကတော့ ကချင်တိုင်းရင်းသားတွေ ချည်းပါပဲ”ဟု ပြောကြားသည်။
ယင်းရွှေ့ပြောင်းဒုက္ခသည်စခန်းမှာ ၂၀၁၁ ခုနှစ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။