သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသော ကိုရှိုင်းထက်အောင်အား ပြန်လွှတ်ပေးရေး သံဃာတော်များ တရားရုံးရှေ့တွင် ဆန္ဒပြ

သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသော ကိုရှိုင်းထက်အောင်အား ပြန်လွှတ်ပေးရေး သံဃာတော်များ တရားရုံးရှေ့တွင် ဆန္ဒပြ
Published 28 December 2016
သက်မင်း

အသရေဖျက်သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသော ကိုရှိုင်းထက်အောင်အား ပြန်လွှတ်ပေးရေးအတွက် သံဃာတော် ၁၀ ပါးခန့်က သင်္ဃန်းကျွန်းတရားရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
တရားလို ဒေါ်ကြူကြူသိန်းလွင်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံထားရသော ကိုရှိုင်းထက်အောင်ကို ဒီဇင်ဘာ ၂၈ ရက်က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး အဆိုပါ ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ရှာဖွေသက်သေ တစ်ဦးဖြစ်သော ဦးဇော်ဝင်းကို စစ်ဆေးခဲ့သည်။
တရားလိုပြသက်သေ ဦးဇော်ဝင်းက အမှုစစ်ရဲက ၎င်းအား အကူအညီတောင်း၍ ရှာဖွေသက်သေအဖြစ် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ နှစ်ကြိမ်ခန့် အကူအညီပေးခဲ့ခြင်းမျိုး ရှိကြောင်း၊ အမှုအကြောင်းအရာကို မသိရှိကြောင်း၊ သက်သေခံဖြစ်သော ကိုရှိုင်းထက်အောင်၏ honor ဖုန်းသည် စက်ဖွင့်၍ မရသည်ကိုလည်း မသိရှိကြောင်း၊ တရားလိုဖြစ်သူက ကိုရှိုင်းထက်အောင် အကောင့်ကို Print ထုတ်ပြီး သက်သေခံတင်ပြသော စာရွက်စာတမ်းများဖြစ်သည်ကိုလည်း မသိရှိကြောင်း၊  အဆိုပါ သက်သေခံအဖြစ် တင်ပြထားသော စာရွက်များတွင် ကိုရှိုင်းထက်အောင်က ပုတ်ခတ်စော်ကား ရေးသားထားခြင်းများ မရှိသည်ကိုလည်း မသိရှိကြောင်း ထွက်ဆိုခဲ့သည်။
အဆိုပါ ရုံးချိန်းအပြီး၌ မကွေးဆရာတော်ဦးပါမောက္ခ အပါအဝင် သံဃာတော် ၁၀ ပါးခန့်နှင့် လူ ၁၀ ဦးခန့်က ကိုရှိုင်းထက်အောင်ကို အမြန်ဆုံးလွှတ်ပေးရေးအတွက် တရားရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။
“ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ ပုဒ်မ ၆၆(ဃ)ကို အမြန်ဆုံး ပယ်ဖျက်ပေးဖို့ရယ်၊ မတရားဥပဒေတွေကို ချမှတ်ထားတာဟာ နိုင်ငံတော်အကြီးအကဲတွေမှာ တာဝန်ရှိပါတယ်။ တာဝန်ရှိသူများက ပယ်ဖျက်ပေးဖို့ တောင်းဆိုပါတယ်။ ဥပဒေရဲ့ ကာကွယ်မှုကိုရရှိဖို့ ဦးဇင်းတို့က မေတ္တာရပ်ခံပါတယ်။သင်္ဃန်းကျွန်းတရားရုံးမှာ ကိုရှိုင်းထက်အောင်ဟာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံထားရပါတယ်။ အမှုကလည်း အာမခံမရသေးဘဲ အချုပ်ထဲကနေ တရားရင်ဆိုင်နေရတာ ငါးလကျော်နေပြီလို့ သိရပါတယ်။အမှန်တရားပေါ်ပေါက်ရေး၊ အပြစ်မဲ့ပြည်သူ ရှိုင်းထက်အောင် လွတ်မြောက်ရေးအတွက် လာရောက်ရတာ ဖြစ်ပါတယ်”ဟု မကွေးဆရာတော်က မိန့်ကြားသည်။
“ဒီကနေ့ ရုံးချိန်းမှာတော့ တရားလိုပြသက်သေ နောက်တစ်ဦးကို စစ်ဆေးခဲ့ပါတယ်။ သူကတော့ ရှာဖွေသက်သေ တစ်ဦးပါ။သူက အမှုစစ်က အကူအညီတောင်းလို့ ရှာဖွေသက်သေအဖြစ် ထွက်တယ်လို့ ထွက်ဆိုပါတယ်” ဟု ကိုရှိုင်းထက်အောင်၏ ရှေ့နေ ဒေါ်သဇင်အေးက ဆိုသည်။
ယင်းရုံးချိန်းတွင် ကိုရှိုင်းထက်အောင်၏ ရှေ့နေက ကိုရှိုင်းထက်အောင်အတွက် အာမခံကို တင်သွင်းခဲ့ပြီး အာမခံပေး၊ မပေးအား သင်္ဃန်းကျွန်းမြို့နယ် တရားသူကြီးက ဇန်နဝါရီ  ၅ ရက်တွင် အဆုံးအဖြတ်ပေးမည် ဖြစ်သည်။
တိရစ္ဆာန်ချစ်သူများအဖွဲ့မှ ဒေါ်ကြူကြူ သိန်းလွင်က ကိုရှိုင်းထက်အောင်နှင့် ကိုကျော်မင်းထိုက်တို့ကို ဖေ့ဘွတ်ခ်ပေါ်တွင် အသရေဖျက်သည်ဟုဆိုကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး ကိုကျော်မင်းထိုက်ကို  တရားခံပြေးအဖြစ် တရားရုံးက ကြေညာထားသည်။ ကိုရှိုင်းထက်အောင်ကိုမူ ဇူလိုင် ၁၂ ရက်က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဖြင့် အာမခံမရဘဲ အချုပ်ထဲမှ တရားရင်ဆိုင်နေရသည်မှာ ငါးလကျော် ကြာမြင့်ပြီ  ဖြစ်သည်။ ကိုရှိုင်းထက်အောင်အတွက် အာမခံလျှောက်ထားသည်မှာ နှစ်ကြိမ် ရှိပြီဖြစ်ပြီး နှစ်ကြိမ်စလုံးတွင် တရားရုံးက ပယ်ချထားသည်။