အမျိုးသမီးတစ်ဦးကို ညစ်ညမ်းစွာ ပြောဆိုခဲ့သူအား ၎င်း၏ ရည်းစားဆိုသူက ဓားဖြင့်ထိုးသတ်မှု ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွား

အမျိုးသမီးတစ်ဦးကို ညစ်ညမ်းစွာ ပြောဆိုခဲ့သူအား ၎င်း၏ ရည်းစားဆိုသူက ဓားဖြင့်ထိုးသတ်မှု ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွား
Published 28 December 2016
သီဟ၊ သန့်ဇင်ကျော်

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ညစ်ညမ်းစွာပြောဆိုခဲ့သူအား ၎င်း၏ ရည်းစားဆိုသူက ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
ဒီဇင်ဘာ ၂၇ ရက် ည ၈ နာရီခွဲခန့်က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ၉၈ ရပ်ကွက်ရှိ စက်ရုံတစ်ရုံတွင် မန်နေဂျာအဖြစ် လုပ်ကိုင်နေသည့် ဦး...(၅၄)နှစ်သည်  စက်ရုံ၏ အမျိုးသမီးအဆောင်ရှေ့တွင် ယင်းစက်ရုံမှ အလုပ်သမားနှစ်ဦး ရန်ဖြစ်နေကြောင်း သိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ယင်းသို့ သွားရောက်ကြည့်ရှုစဉ် အဆိုပါစက်ရုံမှ စက်ပြင်ဆရာ ကို...(၂၈)နှစ်မှာ စက်ရုံရှေ့တွင် ဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား မေးမြန်းစုံစမ်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းရာ ကို....(၂၈)နှစ်မှာ ၎င်းနှင့် စက်ရုံတွင် အလုပ်အတူလုပ်ကိုင်သည့် စက်ရုံအလုပ်သမားဖြစ်သူ ကို...(၂၅)နှစ်၏ ချစ်သူအား ညစ်ညမ်းစွာ ပြောဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ ပြောဆိုသည့်အတွက် ကို...(၂၅)နှစ်မှာ မခံမရပ်နိုင်ဖြစ်ကာ ကို...(၂၈)နှစ် အား အသင့်ပါလာသည့် အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
ထိုသို့ ဓားဖြင့် အထိုးခံရသဖြင့် ကို...(၂၈)နှစ်မှာ ရင်ညွန့်အောက် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ သင်္ဃန်းကျွန်းဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ဓားဖြင့်ထိုးသူ ကို...(၂၅)နှစ်အား ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။