အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေတွင် အမျိုးသမီးများကို ရှုထောင့်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ရေးဆွဲထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေတွင် အမျိုးသမီးများကို ရှုထောင့်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ရေးဆွဲထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား
Published 28 December 2016
အောင်ရဲကို

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေတွင် အမျိုးသမီးများကို ရှုထောင့်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ရေးဆွဲထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ဒီဇင်ဘာ ၂၇ က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကို အတည်ပြုနိုင်ရေးဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများကို ရှုထောင့်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ရေးဆွဲထားခြင်းဖြစ်ကြောင်း” ဟု ပြောကြားသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲခြင်းဖြစ်ပြီး ဥပဒေတွင် အခန်း ၁၈ ခန်း၊ ပုဒ်မ ၈၇ ခု ပါဝင်ကြောင်း သိရသည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အကျိုးစီးပွားကို ရှေးရှုပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိက လုပ်ငန်း ၁၂ ခုနှင့် နှစ်အလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်မူဝါဒနှင့်အညီ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၂၀၁၆ ခုနှစ်  နိုဝင်ဘာ ၇ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယခင်ကာလက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအပြင် အမျိုးသမီးအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများလည်း ပါဝင်လာကြောင်း ထုတ်ပြန်ခဲ့သည်။