မကြာမီကာလတွင် ပြည်တွင်းစစ်မီး ငြိမ်းစေရမည်ဆိုသည့် မျှော်လင့်ချက် ရှင်သန်ရုံသာမက အကောင်အထည် ပေါ်လာရန်အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိုင်းရင်းသားများ အားလုံးအကြား အပြန်အလှန် နားလည်ယုံကြည် လေးစားမှုများ ပြုစုပျိုးထောင်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒ

မကြာမီကာလတွင် ပြည်တွင်းစစ်မီး ငြိမ်းစေရမည်ဆိုသည့် မျှော်လင့်ချက် ရှင်သန်ရုံသာမက အကောင်အထည် ပေါ်လာရန်အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိုင်းရင်းသားများ အားလုံးအကြား အပြန်အလှန် နားလည်ယုံကြည် လေးစားမှုများ ပြုစုပျိုးထောင်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒ
Published 28 December 2016
ကျော်ဇင်ဝင်း

ပြည်တွင်းစစ်မီး မကြာမီကာလတွင် ငြိမ်းစေရမည်ဆိုသည့် မျှော်လင့်ချက် ရှင်သန်ရုံသာမက အကောင်အထည် ပေါ်လာရန်အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိုင်းရင်းသားများ အားလုံးအကြား အပြန်အလှန် နားလည်ယုံကြည် လေးစားမှုများ ပြုစုပျိုးထောင်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကရင်နှစ်သစ်ကူး ဆုတောင်းသဝဏ်လွှာတွင် ရေးသား ဖော်ပြထားသည်။
အဆိုပါ ဆုတောင်းသဝဏ်လွှာတွင် ယနေ့ (၂၇၅၆ ခုနှစ်၊ သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း ၁ ရက်) မှာကျရောက်သည့် ကရင်နှစ်သစ် မင်္ဂလာနေ့ထူး နေ့မြတ်မှာ မြန်မာနိုင်ငံတစ်ဝန်းနှင့် ကမ္ဘာ့ဒေသ အရပ်ရပ်မှာ ပျံ့နှံ့အခြေချ နေထိုင်လျက်ရှိကြသည့် ကရင်တိုင်းရင်းသား အပေါင်းတို့ ကောင်းမြတ်ခြင်း မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရေးသားထားသည်။
“တိုင်းရင်းသားပေါင်းများစွာနဲ့ ဆောက်တည်ထားတဲ့ ကျွန်မတို့ ပြည်ထောင်စုရဲ့ ဂုဏ်ယူတန်ဖိုးအထားရဆုံး အရာတစ်ရပ်ကတော့ ချစ်ဖွယ်ကောင်းလှတဲ့ အမျိုးမျိုးအဖုံဖုံသော ရိုးရာယဉ်ကျေးမှု အစဉ်အလာလေးတွေ ဖြစ်ပါတယ်။ အစဉ်အလာ အလေ့အကျင့်ကောင်းတွေကို လေ့လာသတိရခြင်းဟာ ကျွန်မတို့တွေရဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ကျွန်မတို့နိုင်ငံရဲ့ အင်အားတွေ ကြီးထွားစေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားပြောကြားသည်။
ထို့ပြင် ရှေးယခင်ကစပြီး ကောက်သစ်ပေါ်ချိန်မှာ မိသားစုများ အတူတကွ ကောက်သစ်စားပွဲများ ကျင်းပလာရာမှ ကရင်နှစ်သစ်ကူး ပွဲတော်ဆင်းသက်လာသည်ဟု ပြော၍ရကြောင်း၊ ထို့ကြောင့် နှစ်သစ်ကူးချိန်သည် နှစ်ဟောင်းက အားစိုက် ကြိုးပမ်းမှုများ၏ အသီးအပွင့်များကို ရယူပွေ့ပိုက်နိုင်ခြင်းအတွက် ကျေနပ်ကြည်နူးရသည့် အချိန်အခါဖြစ်ကြောင်းနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် လုပ်ခဲ့ရသမျှ၏ အကျိုးကျေးဇူးများကို တစ်နေ့တော့ ခံစား၊ စံစားရမှာပဲဆိုသည့် မျှော်လင့်ချက်ကို ရှင်သန်စေသော ပွဲတော်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာတွင် ရေးသားထားသည်။
ထို့အတူ နှစ်ပေါင်း ၆၀ ကျော် လွတ်လပ်ရေးရစဉ်ကစပြီး လောင်ခဲ့သည် ပြည်တွင်းစစ်မီး မကြာမီကာလမှာ ငြိမ်းစေရမည်ဆိုသော မျှော်လင့်ချက် ရှင်သန်ရုံသာမက အကောင်အထည် ပေါ်လာရန်အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် မိမိတို့တိုင်းရင်းသားများ အားလုံးအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်လေးစားမှုများ ပြုစုပျိုးထောင်ကြရန်နှင့် ယခုနှစ်စိုက်လိုက်သည့် ငြိမ်းချမ်းရေး ပျိုးပင်လေးများသည် နောက်နှစ်တွင် ငြိမ်းချမ်းရေး ကောက်သစ်စားပွဲကြီးကို ပြည်ထောင်စုတစ်ဝန်း ဆင်နွှဲနိုင်ကြပါစေဟု ကရင်အမျိုးသား နှစ်သစ်ကူး အထူးမင်္ဂလာဆုတောင်း ပို့သလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ပါရှိသည်။