ရန်ပုံငွေ လုံလောက်မှုမရှိ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေခြင်းမျိုး မဖြစ်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရန်ပုံငွေ လုံလောက်မှုမရှိ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေခြင်းမျိုး မဖြစ်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 28 December 2016
ဇာလီမြင့်ဦး

ရန်ပုံငွေ လုံလောက်မှုမရှိ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေခြင်းမျိုး မဖြစ်ရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင်ပြုလုပ်သည့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding-JCB) အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့် နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ရန်ပုံငွေ လုံလောက်မှုမရှိ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေခြင်းမျိုး မဖြစ်ရန် လိုအပ်သလို မလိုအပ်ဘဲ အပိုကုန်ကျမှုများ မရှိရန်လည်း လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က သဘောတူ ချမှတ်ထားသော ဦးစားပေး ကဏ္ဍကြီးများနှင့် ညီညွတ်မှုရှိရမည် ဖြစ်ကြောင်းနှင့် အဖွဲ့အစည်း တစ်ဖွဲ့ချင်း၏ ရန်ပုံငွေကိစ္စမှာ ယင်းတို့အဖွဲ့အစည်းများနှင့်သာ သက်ဆိုင်ပြီး မိမိတို့ JCB အဖွဲ့မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဆက်စပ် ပတ်သက်သည့် ရန်ပုံငွေကိစ္စရပ်များကိုသာ ဆွေးနွေး ညှိနှိုင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်သည် အထူးအရေးကြီးပါကြောင်း၊ နိုင်ငံတကာက ထောက်ပံ့သည်ဖြစ်စေ၊ ပြည်တွင်း အလှူရှင်များက ထည့်ဝင် လှူဒါန်းသည်ဖြစ်စေ နိုင်ငံသူ နိုင်ငံသားများကို လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေကို နိုင်ငံတော် အစိုးရတစ်ခုတည်းက ပိုင်ဆိုင်ခြင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဌာန NRPC ကပိုင်ဆိုင်ခြင်း မဟုတ်ကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံးက ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်းနှင့် အလှူရှင်များက လှူဒါန်းလိုက်ပြီးသည့် နောက်တွင် ပြည်သူပိုင် ဖြစ်သွားပြီဖြစ်ကြောင်း၊ ထိုရန်ပုံငွေများကို စိစစ်ရာတွင်လည်း မည်သည့်အတွက်ကြောင့် သုံးစွဲရသည်၊ မည်သည့်နေရာများတွင် သုံးစွဲရသည်ကို ယခုပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က သဘောတူညီရန် လိုအပ်သလို ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိရန် လိုအပ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ထို့နောက် အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ အစီအစဉ်များ၊ အတည်ပြုထားပြီးဖြစ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ JCB ၏တာဝန်နှင့် ဝတ္တရားများကို အခြေခံ၍ လုပ်ငန်းအဖွဲ့များ၊ ရုံးအဖွဲ့များ ဖွဲ့စည်းထားရှိ ဆောင်ရွက်ရေး၊ JCB ၏ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲအတည်ပြုရေး၊ လတ်တလော လိုအပ်ချက်များကို အလေးပေး ခွင့်ပြုနိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ JCB အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ရှီလာနန်တောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောတင်ဝင်း၊ NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား ပဒိုစောကွယ်ထူးဝင်း (KNU အထွေထွေ အတွင်းရေးမှူး)၊ ဦးစိုင်းလျန်း (RCSS-SSA)၊ ဆလိုင်းထလာဟေး (CNF အထွေထွေ အတွင်းရေးမှူး)၊ ဦးမျိုးဝင်း (ABSDF) နှင့် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ဦးစံလော (‘ဝ’ အထူးဒေသ (၂)၊ ပြည်ပဆက်ဆံရေး ဌာနမှူး) နှင့် ဦးခမ်းမောင် (အထူးဒေသ (၄) မိုင်းလား၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ) တို့လည်း တက်ရောက်ခဲ့ကြကြောင်း ထည့်သွင်း ထုတ်ပြန်ထားသည်။
JCB အဖွဲ့ကို ဒီဇင်ဘာ ၂၀ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အစိုးရဘက်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကိုယ်စားလှယ် ရှစ်ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ကိုယ်စားလှယ် ရှစ်ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် ရှစ်ဦးတွင် NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော အဖွဲ့များလည်း ပါဝင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေများ ခွဲဝေလျာထား အသုံးပြုရာတွင် ဦးစားပေး ကဏ္ဍကြီး လေးရပ်ထားရှိရေးကို JCB ဖွဲ့စည်းခြင်း အစည်းအဝေး၌ သဘောတူ ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ကဏ္ဍကြီးလေးရပ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေ ခွဲဝေသုံးစွဲရန်အတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကဏ္ဍ၊ စေ့စပ်ညှိနှိုင်း ဆွေးနွေးရေးကဏ္ဍ၊ ငြိမ်းချမ်းရေး အထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကဏ္ဍတို့ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ကနဦး ထုတ်ပြန်ထားမှုရှိသည်။