မီးလောင်မှု ဖြစ်ပွားခဲ့သော လဟယ်မြို့နယ် ယမ်းကြိမ်ကျေးရွာတွင် အစားအစာ၊ အဝတ်အထည်နှင့် ဆေးဝါးများ အရေးတကြီး လိုအပ်နေ

မီးလောင်မှု ဖြစ်ပွားခဲ့သော လဟယ်မြို့နယ် ယမ်းကြိမ်ကျေးရွာတွင် အစားအစာ၊ အဝတ်အထည်နှင့် ဆေးဝါးများ အရေးတကြီး လိုအပ်နေ
Published 28 December 2016
အောင်သူထွန်း၊ မဖေငြိမ်း

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော လဟယ်မြို့နယ် ယမ်းကြိမ်ကျေးရွာ၌ အိမ်ခြေ ၆၇ လုံး မီးလောင်ခဲ့သောကြောင့် ယနေ့အချိန်အထိ အစားအစာ၊ အဝတ်အထည်နှင့် ဆေးဝါးများ အရေးတကြီး လိုအပ်နေဆဲဖြစ်သည်ဟု ခန္တီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေးက ပြောကြားသည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ယမ်းကြိမ်ကျေးရှိ အိမ်ခြေ ၆၇ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုဖြင့် အစားအစာ၊ အဝတ်အထည်နှင့် ဆေးဝါးများ ကူညီထောက်ပံ့ ပေးနိုင်ခဲ့သော်လည်း အရေးတကြီး လိုအပ်နေဆဲ အခြေအနေတွင် ရှိနေကြောင်း ဦးမောင်တေးက ပြောကြားသည်။
“မီးလောင်သွားတဲ့ အိမ်တွေမှာလည်း တချို့တွေက ပြန်မဆောက်နိုင်ကြသေးဘူး။ အရေးတကြီး လိုအပ်တာကတော့ အစားအစာ၊ အဝတ်အထည်နဲ့ ဆေးဝါးပေါ့။ အစားအစာဆိုတဲ့ နေရာမှာ အဲဒီနေရာက နဂိုကတည်းက ဆန်မစားနိုင်ကြဘူး။ ပြောင်းဆန်လူးဆပ် စတာတွေပဲ စားကြရတယ်။ ဒီတော့ ပါသွားတဲ့ဆန်အိတ် ၂၄၀ ကို အညီအမျှ ခွဲဝေပေး ခဲ့ပေမယ့် ခဏလေးနဲ့ ကုန်သွားမှာပဲ။ ဆောင်းရောက်ပြီဆိုတော့ အနွေးထည်တွေ စောင်တွေ အရမ်း လိုအပ်နေကြတယ်။ တောင်ပေါ်ဆိုတော့ အအေးဓာတ်က အခြားနေရာတွေထက် ပိုအေးတယ်လေ။ ဆောင်းရာသီမှာ အနွေးထည်မရှိ စောင်မရှိတဲ့အပြင် အစားအစာကလည်း ချို့တဲ့နေတော့ တချို့တွေလည်း ဖျားနာနေကြတာ တွေ့ခဲ့ရတယ်။ ပါသွားတဲ့ ဆေးဝါးတွေ လှူဒါန်းခဲ့ပေမယ့် ရေရှည်ကျန်းမာရေး စောင့်ရှောက်ဖို့ လိုအပ်နေသေးတယ်” ဟု ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကူညီထောက်ပံ့သော အစားအစာ၊ အဝတ်အထည်နှင့် ဆေးဝါးများကို သွားရောက် လှူ ဒါန်းပေးခဲ့သူ ဦးမောင်တေးမှ ပြောကြားသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ကူညီ ထောက်ပံ့မှုဖြင့် သွားရောက် လှူဒါန်းခဲ့သော ပစ္စည်းများတွင် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးသေတ္တာ၊ စောင်၊ ဆေးဝါးများ၊ အဝတ်အထည်များအပြင် ဒန်အိုးဒန်ခွက်များ၊ ကျောင်းသုံးဗလာစာအုပ်များ ပါဝင်ကြောင်း သိရသည်။ ထိုသို့လှူဒါန်းရာတွင် ယမ်းကြိမ်ကျေးရွာသို့ လဟယ်မြို့မှ လမ်းတွင်တညအိပ် ခရီးသွားရပြီး အချို့နေရာတွင် ကားလမ်းမရှိသဖြင့် ပစ္စည်းများကို လူအားဖြင့် ထမ်းပိုးသယ်ရသဖြင့် သယ်ယူစရိတ် ကြီးမြင့်နေပြီး ထပ်မံလှူဒါန်းမည့်သူများ အနေဖြင့် ငွေသားအနေဖြင့် လှူဒါန်းခြင်းက ပို၍အဆင်ပြေမည် ဖြစ်ကြောင်း သိရသည်။
“လဟယ်ကနေ ယမ်းကြိမ်ကိုသွားတဲ့အခါ လောင်ကီးဆိုတဲ့ရွာမှာ တစ်ညအိပ်ရတယ်။ ကားလမ်းကလည်း လောင်ကီးရွာအထိ မရောက်ဘူး။ လောင်ကီးရွာမရောက်ခင် လမ်းမှာ ဆန်အိတ်တွေ ချထားရပြီး လောင်ကီး ရွာရောက်အောင် လူထမ်းနဲ့ ပြန်သယ်ရတယ်။ ပြီးမှ လောင်ကီးကနေ ယမ်းကြိမ်ရွာကို လူထမ်းနဲ့ပဲ ပြန်သယ်ရတော့ သယ်ယူရတာ အရမ်းခက်ခဲပြီး သယ်ယူစရိတ်က ပိုများနေသလို ဖြစ်သွားတယ်။ ငွေသားနဲ့ လှူလိုက်မယ်ဆိုရင် ယမ်းကြိမ်းရွာကနေ အိန္ဒိယနယ်စပ်ကို နေ့ချင်းပေါက်ရောက်တော့ အိန္ဒိယဘက်မှာ သွားဝယ်ပြီး လှူလိုက်ရင် အများကြီး အဆင်ပြေတာပေါ့” ဟု ဦးမောင်တေးက ပြောကြားသည်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ယမ်းကြိမ်ကျေးရွာတွင် နိုဝင်ဘာ ၂၂ ရက် နေ့လည်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး နေအိမ် ၆၇ လုံး လောင်ကျွမ်းခဲ့ကာ နေအိမ်ရှိ နာဂတိုင်းရင်းသားများမှာ တောင်ယာသို့ သွားရောက် လုပ်ကိုင်နေချိန်ဖြစ်သဖြင့် နေအိမ်ရှိ ပစ္စည်းများအားလုံး ဆုံးရှုံးခဲ့ကြရကြောင်း သိရသည်။

Most Read