ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ခြင်း အစီအစဉ် ၂၀၁၇ ခုနှစ် နှစ်ဆန်းတွင် ချင်းပြည်နယ်၌ ပထမဆုံး စတင်မည်

ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ခြင်း အစီအစဉ် ၂၀၁၇ ခုနှစ် နှစ်ဆန်းတွင် ချင်းပြည်နယ်၌ ပထမဆုံး စတင်မည်
Published 27 December 2016
ဇေယျာထွန်း

ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် နှစ်နှစ်အောက် ကလေးသူငယ်များ ထောက်ပံ့ခြင်း အစီအစဉ်အား ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ချင်းပြည်နယ်၌ ပထမဆုံး စတင်မည်ဖြစ်ကြောင်း သိရသည်။
ပထမဆုံး စတင် ဆောင်ရွက်သည့် ချင်းပြည်နယ်တွင် စီမံချက် စတင် ဆောင်ရွက်သည့် ကာလ၌ ကိုယ်ဝန်ဆောင်ထားသည့် မိခင် တစ်ဦးလျှင် လစဉ် ကျပ် ၁၅၀၀၀ ထောက်ပံ့မည် ဖြစ်ပြီး ၎င်းတို့မှ မွေးဖွားလာသည့် ကလေးငယ်များအား တစ်လလျှင် ကျပ် ၁၅၀၀၀ အပါဝင် စုစုပေါင်း ကျပ် ၃၀၀၀၀ အား အသက် နှစ်နှစ်အထိ လစဉ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ထောက်ပံ့ခြင်း လုပ်ငန်းအား စတင်ခြင်းမှာ မိခင်နှင့် ကလေးငယ်များ အာဟာရပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအရ ဆောင်ရွက်ခြင်းဖြစ်ပြီး လူသားဘ၀ ရက်တစ်ထောင်တွင် ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးဆုံး အချိန် ဖြစ်သည့်အတွက် ဖြစ်ကြောင်း သိရသည်။
“အဓိက အာဟာရပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုပေါ့။ လူသားဘ၀ ရက် ၁၀၀၀ ဟာ ကလေးသူငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အတွက်ကို အရမ်း အရေးအကြီးဆုံး အချိန်။ အသက်နှစ်နှစ်ပြည့်ပြီးတဲ့နောက် ဦးနှောက်ဖွံ့ဖြိုးမှုက မရှိဘူးတော့ မဟုတ်ဘူး ရှိတယ်။ ဖွံ့ဖြိုးမှု အများဆုံး အချိန်က နှစ်နှစ်အထိက အများဆုံးပဲ။ သုံးနှစ်လောက်ဆိုရင် ဦးနှောက်က တော်တော် ဖွံ့ဖြိုးပြီးသွားပြီ။ ဦးနှောက် ဖွံ့ဖြိုးမှုကတော့ အားနည်းသွားပြီပေါ့။ အဲဒါကြောင့် အာဟာရ ပြည့်ဝပြီးတော့ ဉာဏ်ရည်ပြည့်ဝတဲ့ ကလေးတွေ အနေနဲ့ နိုင်ငံတော် အနာဂတ်ကို တည်ဆောက်နိုင်ဖို့ အတွက်က ကလေးတွေကို ရှေးဦးအရွယ် ကတည်းက ပြုစုပျိုးထောင်တာလို့တောင် မပြောချင်ဘူး။ ရင်းနှီးမြှုပ်နှံတာလို့ ပြောချင်တယ်။ အဲဒီလို အနေအထားနဲ့ လုပ်တယ်လို့ ပြည်သူလူထုကို ပြောချင်တယ်” ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ပြောကြားသည်။
ယင်းကဲ့သို့ ထောက်ပံ့ခြင်းအား မိခင်နှင့် ကလေးများမှ အာဟာရ ပြည့်ဝစွာ စားသုံးရန်၊ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ မဖြစ်မနေ ယူရန်နှင့် ထောက်ပံ့ကြေးငွေ ယူပြီးပါက လုပ်ငန်းစဉ်များကို မဖြစ်မနေ လိုက်နာရန် လိုအပ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ကောက်ယူထားရှိသော စစ်တမ်းများအရ ကလေးသူငယ်များ၏ အရပ်နှင့် ခန္ဓာကိုယ် အလေးချိန် လျော့ကျနေမှုမှာ ချင်းပြည်နယ် ဖြစ်နေသည့်အတွက် ယင်းစီမံကိန်းအား ချင်ပြည်နယ်တွင် စတင်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ ဒေါ်စန်းစန်းအေးက “ဒါကို တစ်နိုင်ငံလုံး အနေနဲ့ ဆောင်ရွက်ဖို့ကျတော့ ငွေကြေးကုန်ကျမှု များတယ်။ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးမှုမှာ အနိမ့်ကျဆုံးလည်း ဖြစ်တယ်။ သဘာ၀ ဘေးအန္တရာယ်တွေ ခံရတာ အများဆုံးလည်း ဖြစ်တယ်။ စစ်တမ်းတွေအရ ရေရှည်အာဟာရ ဖွံ့ဖြိုးမှု မရှိဘူး။ ကလေးသူငယ်ရဲ့ အရပ်နဲ့ ဝိတ်နဲ့ ကိုယ်တိုင်းလိုက်တယ်။ ရှိသင့်ရှိထိုက်တာ မရှိဘူးဆိုရင် ပုညှက်တယ်။ ပုညှက်မှု အများဆုံးကလည်း ချင်းပြည်နယ်ပဲ ဖြစ်တယ်။ အဲဒါကြောင့် ချင်းပြည်နယ်ကို စလုပ်လိုက်တာ” ဟု ပြောကြားသည်။
ဥပရောပနိုင်ငံများ ဖွဲ့စည်းထားသည့် အလှူရှင်နိုင်ငံပေါင်း ၁၄ နိုင်ငံ ပါဝင်သည့် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ လုံခြုံရေး ရန်ပုံငွေ အဖွဲ့မှ အဆိုပါ အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ထောက်ပံ့ထားကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေဒေါ်လာ ၁၀ သန်း အနက်မှ ဒေါ်လာ ရှစ်သန်းအား ကိုယ်ဝန်ဆောင် မိခင်နှင့် အသက် နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေကြေးအဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များ စစ်တမ်းကောက်ယူရာတွင် ဒေါ်လာနှစ်သန်း အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ လုံခြုံရေး ရန်ပုံငွေ အဖွဲ့မှ နှစ်နှစ်အတွက်သာ ထောက်ပံ့ပေးမည်ဖြစ်ပြီး နောက်ပိုင်း ကာလများတွင် နိုင်ငံတော် အစိုးရ အနေဖြင့် အထောက်အပံ့များ ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

Most Read

Most Recent