စစ်ဘေးကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ချင်းပြည်နယ် အတွင်းမှ စစ်ဘေးဒုက္ခသည်များအား ပြည်နယ်အစိုးရအဖွဲ့က ကူညီရန် ဆောင်ရွက်နေ

စစ်ဘေးကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ချင်းပြည်နယ် အတွင်းမှ စစ်ဘေးဒုက္ခသည်များအား ပြည်နယ်အစိုးရအဖွဲ့က ကူညီရန် ဆောင်ရွက်နေ
Published 27 December 2016
ဆလိုင်းဘွဲ့လျန်ဆန်း

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များကို ကူညီရန် ပြင်ဆင်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရအနေနဲ့ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့အတူ အခြေအနေကို စောင့်ကြည့်လျက် ရှိပါတယ်။ တိုက်ပွဲရှောင် ပြည်သူတွေနဲ့ ပတ်သက်ပြီး ကူညီဖို့ လိုအပ်တာရှိရင် ကျွန်တော်တို့ ချက်ချင်းဆောင်ရွက်သွားမှာပါ။ လက်ရှိအနေအထားထိတော့ တိုက်ပွဲရှောင်ပြည်သူတွေ နေရာရွှေ့ပြောင်းဖို့ လိုအပ်တဲ့ အနေအထား မရှိသေးဘူးလို့ သုံးသပ်ရပါတယ်။ တိုက်ပွဲကြောင့် ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရတယ် ဆိုတာကို ကျွန်တော်တို့ သိရပါတယ်။ ထွက်ပြေးနေရတဲ့ လူစာရင်း အရေအတွက်တော့ အတည်ပြုနိုင်ဖို့ စာရင်းပြုစုနေတဲ့ အနေအထားမှာပဲ ရှိပါသေးတယ်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့မှ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ထံမှ သိရသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တပ်မတော်နှင့် AA လက်နက်ကိုင်တပ်ဖွဲ့အကြား ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦးမှ ကာကွယ်ရေးနှင့် လုံခြုံရေး အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန်က “ကျွန်တော်တို့ ပြည်နယ်အတွင်းမှာ အဲဒီလိုမျိုး စစ်ဖြစ်ပွားတဲ့ အပေါ်တော့ လုံးဝမကြိုက်ဘူး။ AA ဘက်က ခေါင်းဆောင်ပိုင်းတွေနဲ့ ဒီကိစ္စကို မကြာခဏ ဆွေးနွေးဖူးပါတယ်။ ဒါပေမဲ့ ယခုလိုမျိုး ကျွန်တော်တို့ ပြည်နယ်အတွင်းမှာ စစ်ပြန်ဖြစ်နေတာတော့ မကြိုက်ဘူး။ ချင်းပြည်နယ် အတွင်းမှာ ချင်းအမျိုးသားတပ်ဦးနဲ့ တပ်မတော်ကလွဲပြီး လက်နက်ကိုင် မရှိရဘူးဆိုတဲ့ သဘောတူစာချုပ်ကိုလည်း ချုပ်ထားတဲ့အတွက် မြန်မာ့တပ်မတော်ဘက်က သက်ဆိုင်ရာ အရာရှိတွေနဲ့လည်း လတ်တလော ပြန်လည် ဆွေးနွေးထားတာ ရှိပါတယ်” ဟု ဖြေကြားသည်။
ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်အတွင်း စစ်ဖြစ်ပွားခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ဘဲ ယခင်ကလည်း အလားတူ စစ်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။    

Most Read

Most Recent