နှစ်သစ်ကူး ပွဲတော်ရက်များတွင် ချောင်းသာ၊ ငွေဆောင်ကမ်းခြေနှင့် ပုသိမ်မြို့တွင် လုံခြုံရေးများ အထူးတိုးမြှင့်ချထားမည်

နှစ်သစ်ကူး ပွဲတော်ရက်များတွင် ချောင်းသာ၊ ငွေဆောင်ကမ်းခြေနှင့် ပုသိမ်မြို့တွင် လုံခြုံရေးများ အထူးတိုးမြှင့်ချထားမည်
Published 27 December 2016
မင်းသူဝင်းထွဋ်၊ နီလာစိုး

ဧရာဝတီတိုင်းဒေသကြီးအတွင်း နှစ်သစ်ကူး ပွဲတော်ရက်များအတွက် လာရောက် လည်ပတ်သူများ စည်ကားလေ့ရှိသည့် ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေနှင့် ပထမဆုံးအကြိမ် နှစ်သစ်ကူးပွဲတော် ကျင်းပမည့် ပုသိမ်မြို့ ကမ်းနားလမ်း တစ်လျှောက်တွင် လုံခြုံရေးများ အထူးတိုးမြှင့်ချထားပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
နှစ်သစ်ကူးပွဲတော်ရက်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားများ အများဆုံး လာရောက်လေ့ရှိသည့် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများတွင် အပန်းဖြေ ခရီးသွားများ လုံခြုံရေးနှင့် ခိုက်ရန်ဖြစ်ပွားမှုများ မရှိစေရေးအတွက် ယခင်နှစ်များက ဒေသတွင်း ရဲတပ်ဖွဲ့ အင်အားနှင့်သာ လုံခြုံရေးများ ဆောင်ရွက်ရာမှ ယခုနှစ်တွင် ချောင်းသာကမ်းခြေအတွက် ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ ငါးဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂၅ ဦးအား ထပ်မံ တိုးမြှင့်ချထားပေးခဲ့ကြောင်း၊ ငွေဆောင်ကမ်းခြေအတွက် ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ သုံးဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂၅ ဦးအား ထပ်မံတိုးမြှင့်ချထားပေးပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများ အရန်မီးသတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ လုံခြုံရေးများ စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပုသိမ်မြို့ပေါ်တွင်လည်း ရဲအရာရှိ နှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ပါဝင်သည့် လှည့်ကင်းအဖွဲ့များမှ လှည့်ကင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“တိုင်းနဲ့ ပြည်နယ် မြို့ကြီးတွေမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်သလို ပုသိမ်ကလည်း တိုင်းမြို့တော် တစ်ခုဖြစ်တဲ့အတွက် ကမ်းနားလမ်းမှာ အထူးကြီးကြပ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ချောင်းသာနဲ့ ငွေဆောင်မှာလည်း စည်ကားမှာဖြစ်တဲ့အတွက် ခရိုင်အဆင့်ကဆင်းပြီး ငွေဆောင်နဲ့ ချောင်းသာကို ပုသိမ်မြို့ပေါ်ကဲ့သို့ အထူးကြပ်မတ် လုံခြုံရေးထား ရှိထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း နှစ်စဉ် နှစ်သစ်ကူး ပွဲတော်ညတိုင်း ယာဉ်တိမ်းမှောက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများ အများအပြား ဖြစ်ပေါ်လေ့ ရှိသော်လည်း လူသေဆုံးသည်အထိ ဖြစ်ပေါ်လေ့ မရှိကြောင်း သိရသည်။

Most Read

Most Recent