မောင်တောမြို့နယ် အတွင်းမှ ဆရာမများ နေရာတွင် အမျိုးသားဆရာများဖြင့် အစားထိုးရန် လာရောက် လျှောက်ထားသူများအား စိစစ်နေပြီး မူလတန်းပြဆရာ ၅၀၀ ခန့် လစ်လပ်နေ

မောင်တောမြို့နယ် အတွင်းမှ ဆရာမများ နေရာတွင် အမျိုးသားဆရာများဖြင့် အစားထိုးရန် လာရောက် လျှောက်ထားသူများအား စိစစ်နေပြီး မူလတန်းပြဆရာ ၅၀၀ ခန့် လစ်လပ်နေ
Published 27 December 2016
သားရွှေဦး

မောင်တောမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဆရာမများ နေရာတွင် အမျိုးသား ဆရာဖြင့် အစားထိုးရန်အတွက် လာရောက် လျှောက်ထားသူများကို စစ်ဆေးနေပြီး မောင်တောမြို့နယ်တွင် မူလတန်းပြဆရာ ၅၀၀ ခန့် လစ်လပ်နေကြောင်း မောင်တောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
“အခု မောင်တောမြို့နယ်အတွင်းက ဆရာ ဆရာမ လစ်လပ်တဲ့ နေရာတွေကို စစ်ဆေးနေပါတယ်။ အခု မောင်တောမှာ မူလတန်းပြ ဆရာ ဆရာမ ၅၀၀ ခန့် လစ်လပ်ရှိနေပါတယ်။ ဒါကို မြို့နယ်ပညာရေးမှူးက စာရင်းကောက်ယူပြီး တင်ပြဖို့ ဖြစ်ပါတယ်။ အခုလာလျှောက်တဲ့ ဆရာတွေကို လူတွေ့စစ်ဆေးတာတွေ လုပ်နေပါတယ်။ ဘယ်နှဦးလောက် ခန့်မယ်ဆိုတာတော့ မသိရသေးပါဘူး” ဟု မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောကြားသည်။
မောင်တောမြို့နယ် ဝေးလံသည့်ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဆရာမမှာ ၈၅ ရာခိုင်နှုန်း အထိရှိပြီး ဆရာမများကို ဝေးလံသည့် ဒေသများသို့ ပို့ဆောင်တော့မည် မဟုတ်ဘဲ လုံခြုံစိတ်ချရသော ဒေသများတွင် တာဝန်ချထားပေးမည် ဖြစ်ကြောင်းနှင့် မောင်တောနယ်စပ် အစွန်အဖျား ဝေးလံခေါင်ပါး ကျေးရွာများတွင် အမျိုးသမီးဆရာမများအစား အမျိုးသားဆရာများကို အစားထိုး ခန့်အပ်သွားမည်ဖြစ်ကာ ကျောင်းဆရာများကို အခြေခံ စစ်ပညာ သင်ပေးသွားမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက အောက်တိုဘာလအတွင်းက ဒေသခံများကို ပြောကြားသည်။
အဆိုပါ မောင်တောဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်ရှိတာဝန်ကျနေသည့် ကျောင်းဆရာမများမှာ ကျေးရွာများသို့ သွားရောက်တာဝန် ထမ်းဆောင်ရန် စိုးရိမ်စိတ်များ ရှိနေပြီး မိခင်ဌာန၏ မသွားမနေရ တိုက်တွန်းမှုဖြင့်သာ သွားနေရခြင်းဖြစ်ကြောင်း ၎င်းဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာမများက ဆိုသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် လက်ရှိတာဝန် ထမ်းဆောင်နေသည့် ဆရာမများ နေရာတွင် အစားထိုး ခန့်အပ်ပေးနိုင်ရန် အတွက် အသက် (၃၅) နှစ်အောက်ဘွဲ့ရ အမျိုးသားများအား နေ့စားလပေး ကျောင်းဆရာအဖြစ် ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ခေါ်ယူခဲ့ရာ လျှောက်ထားသူ ၆၀၀ ကျော် လာရောက် လျှောက်ထားကြကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင် အမျိုးသမီး ကျောင်းဆရာမများကို လုံခြုံရေး အခြေအနေအရ တခြားဒေသသို့ အပြောင်းအရွှေ့ ပြုလုပ်သွားမည်ဖြစ်ကာ ယင်းနေရာများတွင် အမျိုးသား ကျောင်းဆရာ ၃၀၀ ခန့်အပ်သွားမည်ဖြစ်ကြောင်းနှင့် မောင်တောခရိုင် အတွင်းတွင် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် လာမည့် ဇန်နဝါရီလ အတွင်းတွင် အော်ဒါချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်တောမြို့နယ်တွင် အခြေခံပညာကျောင်း ၁၈၃ ကျောင်းရှိပြီး ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း ၂၅၀၀ ခန့်နှင့် ကျောင်းသူ၊ ကျောင်းသား ၁၃၀၀၀ ကျော်ရှိကြောင်း သိရသည်။ 

Most Read

Most Recent