ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်အစား သက်သေခံလက်မှတ် ပြောင်းလဲထုတ်ပေးနိုင်ရန် ၂၀၁၇ ဇန်နဝါရီတွင် စတင်ဆောင်ရွက်မည်

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်အစား သက်သေခံလက်မှတ် ပြောင်းလဲထုတ်ပေးနိုင်ရန် ၂၀၁၇ ဇန်နဝါရီတွင် စတင်ဆောင်ရွက်မည်
ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား မြဝတီနယ်စပ် စစ်ဆေးရေးဂိတ်တွင် ၂၀၁၆ ခုနှစ် နှစ်လယ်ခန့်က တွေ့ရစဉ် (ဓာတ်ပုံ - ကိုရွှေသိန်း)
ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား မြဝတီနယ်စပ် စစ်ဆေးရေးဂိတ်တွင် ၂၀၁၆ ခုနှစ် နှစ်လယ်ခန့်က တွေ့ရစဉ် (ဓာတ်ပုံ - ကိုရွှေသိန်း)
Published 27 December 2016
အောင်ရဲကို

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်အစား သက်သေခံလက်မှတ် ပြောင်းလဲထုတ်ပေးနိုင်ရန် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။ထိုင်းနိုင်ငံမှ ထုတ်ပေးထားသော ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်ကတ်ခေါ် TR-38) ကိုင်ဆောင်၍ အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာလုပ်သားများ အနက် နိုင်ငံသား အထောက်အထား ပြည့်စုံစွာ မတင်ပြနိုင်သော မြန်မာ လုပ်သားများကို နှစ်စဉ် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် သက်တမ်းတိုး ပြုလုပ်နေရကြောင်း၊ ယင်းအစား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate of Identity ထုတ်ပေးနိုင်ရေးအတွက် ပြင်ဆင်ရခြင်းဖြစ်ကြောင်း သိရသည်။မြန်မာအလုပ်သမား အများဆုံးရှိသော စမုပရာကန်၊ စမုစခွန် (မဟာချိုင်)၊ ကန်ချနဘူရီ၊ မယ်ဆိုင်၊ မဲဆောက်နှင့် ရနောင်းမြို့များတွင် ၂၀၁၇ ဇန်နဝါရီလအတွင်း စတင်ဖွင့်လှစ် ဆောင်ရွက်သွားနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။မြန်မာရွှေ့ပြောင်း အလုပ်သမားများ တရားဝင် လမ်းကြောင်းမှ သွားရောက်နိုင်ရေးအတွက် သတင်းအချက်အလက်၊ အသိပညာပေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလုပ်သမား စေလွှတ်သော နိုင်ငံများ အနေဖြင့်လည်း ခေါင်းပုံဖြတ်မှု ကင်းရန်၊ ကုန်ကျစရိတ် အနည်းဆုံး ဖြစ်ရန်၊ ရွှေ့ပြောင်းအလုပ်သမားများအတွက်  လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး လိုအပ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆက်လက်၍ အလုပ်သမား လက်ခံသော နိုင်ငံများနှင့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ရရှိရန်၊ ပြည်ပတွင် ရောက်ရှိနေသော အလုပ်သမားများ ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ သေဆုံးခြင်းနှင့် အခက်အခဲများ ကြုံတွေ့ရခြင်းတို့အတွက် ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း “ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေး” တွင် ပြောကြားသည်။ယခုနှစ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံ နိုင်ငံသားစိစစ်ရေး အရှိန်မြှင့် လုပ်ဆောင်ရန် အစည်းအဝေး ပြုလုပ်ခဲ့ပြီး သက်သေခံလက်မှတ် Certificate of Identity ထုတ်ပေးနိုင်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အတွင်းရှိ ပန်းရောင်ကတ် ကိုင်ဆောင်ထားသူ မြန်မာအလုပ်သမား ခြောက်သိန်းကျော် ရှိပြီး မြန်မာအစိုးရ အနေဖြင့် ၎င်းတို့ကို Certificate of Identity ကတ်ထုတ်ပေးရန် သဘောတူညီပြီးဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most Read

Most Recent