နေရပ်ပြန် ရွာသားတစ်ဦး မိုင်းထိသေဆုံးပြီးနောက် စစ်ဘေးဒုက္ခသည်များ နေရပ်မပြန်ရဲဘဲ မြိုင်ကြီးငူ၌သာ ခိုလှုံနေရ

နေရပ်ပြန် ရွာသားတစ်ဦး မိုင်းထိသေဆုံးပြီးနောက် စစ်ဘေးဒုက္ခသည်များ နေရပ်မပြန်ရဲဘဲ မြိုင်ကြီးငူ၌သာ ခိုလှုံနေရ
Published 27 December 2016
ကိုရွှေသိန်း (မြဝတီ)

မဲသဝေါဒေသသို့ နေရပ်ပြန် ရွာသားတစ်ဦး မိုင်းထိသေဆုံးပြီးနောက် စစ်ဘေးရှောင် ဒုက္ခသည်များမှာ နေရပ်ကျေးရွာများသို့ မပြန်ရဲကြတော့ဘဲ မြိုင်ကြီးငူ သာသနာ့နယ်မြေ အတွင်း၌သာ ဆက်လက် ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။
မြိုင်ကြီးငူ သာသနာ့နယ်မြေတွင်း လေးလကျော်ကြာ ခိုလှုံနေရသော ရွာသားအချို့ ရွာပြန်ခဲ့ကြသော်လည်း ဒီဇင်ဘာ ဒုတိယအပတ်က မြေမြုပ်မိုင်းထိမှန်ပြီး ထိတောကျိုးရွာသား စောသုညဆိုသူ တစ်ဦးသေဆုံးခဲ့ကာ အမျိုးသမီးနှစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီးနောက် မဲသဝေါဒေသဘက်မှ ရွာသားများမှာ နေရပ်မပြန်ရဲကြတော့ဟု ဆိုသည်။
“ရွာပြန်ပြီး အိမ်အခြေအနေ သွားကြည့်ကြတယ်။ တချို့ဆို ကွမ်းသီးသွားခူးကြတယ်။ စပါးအပါအဝင် သီးပင်စားပင်တွေကတော့ အားလုံးပျက်စီးကုန်ပါပြီ။ အိမ်ပြန်ချင်ပေမယ့် မပြန်ရဲကြသေးဘူး။ ခုမြိုင်ကြီးငူမှာပဲ နေကြတယ်။ ရွာပြန်လို့ မိုင်းထိကြတယ်လေ။ သေသွားတဲ့ ထိတောကျိုးရွာသား စောသုညမှာ ကလေးက သုံးယောက်၊ မိန်းမမှာ ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့ရှာတယ်” ဟု မြိုင်ကြီးငူသို့ ရောက်ရှိနေသူ ဘားအံမြို့မှ ကိုစောကြီးက ဆိုသည်။
ကျုံထော်ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံရွာသား အချို့မှာ ရေတံခွန်အနီး ကျေးရွာတွင် မိုင်းရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် နေရပ်ပြန်ကြသူများရှိပြီး မဲသဝေါဘက်မှ ဝါးဘိုးတောင် အထက်ဘက် ကျေးရွာများမှာ မိုင်းအန္တရာယ် ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။
ကိုစောကြီးက “မဲသဝေါ အထက်ဘက်မှာတော့ မိန်းကလေးနှစ်ယောက် မိုင်းထိသေးတယ်။ တပ်မဟာ (၅) ဘက်မှာရှိတဲ့ ဆေးခန်းကို ခေါ်သွားလို့ဒီဘက်ကို ရောက်မလာဘူး။ မိုင်းထိတဲ့နောက်ပိုင်း ရွာမပြန်ကြတော့ဘူး။ ကျုံထော်ရေတံခွန်အနီးပတ်ဝန်းကျင် ကျေးရွာတွေက လူ ၁၀၀၀ ကျော်ခန့်တော့ ပြန်သွားကြပါပြီ။ ကျုံထော်ရေတံခွန်လည်း ဖွင့်ထားပြီ။ အပန်းဖြေသူတွေ လာရောက်နေကြပြီ ဆိုပေမယ့် အသွားအလာ လမ်းဘေး မြက်ခင်းတွေကိုတော့ မဆင်းမိစေဖို့ သတိပေးချင်ပါတယ်” ဟု ပြောကြားသည်။
တိုက်ပွဲဖြစ်ပွားခဲ့ရာ ပတ်ဝန်းကျင် ကျေးရွာများ၊ လမ်းများ၊ လယ်မြေယာမြေများအတွင်း မိုင်းရှင်းလင်းရေး မရှိသေးသည့်အတွက် မဲသဝေါဒေသခံ ကျေးရွာ ၃၀ ကျော်မှ စစ်ရှောင်ဒုက္ခသည်များမှာ လေးလကျော် ကြာလာသည့်တိုင် နေရပ်မပြန်နိုင်သေး၍ နေထိုင်စားသောက်ရေး အခက်အခဲ ပိုမိုဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
စက်တင်ဘာ လဆန်းစကတည်းက ဒီကေဘီအေ ခွဲထွက်အဖွဲ့နဲ့ BGF တပ်မတော်တို့ မဲသဝေါဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မဲသဝေါဒေသကျေးရွာ ၃၀ ကျော်နှင့် ကျုံထော်ရေတံခွန် ပတ်ဝန်းကျင် ကျေးရွာများမှ စစ်ဘေးဒုက္ခသည် ၅၀၀၀ ကျော် မြိုင်ကြီးငူဒေသသို့ တိမ်းရှောင်နေခဲ့ရခြင်း ဖြစ်သည်။
မြိုင်ကြီးငူဒေသ ကျောက်စာကွင်းတွင် တန်းလျားဆောက်လုပ်ကာ နေထိုင်စေခဲ့ပြီး မိုင်းအန္တရာယ်ကြောင့် နေရပ်မပြန်နိုင်သေး၍ နေထိုင်စားသောက်ရေး အခက်အခဲ ပိုမိုဖြစ်ပွားလျက်ရှိကြောင်း ဒုက္ခသည်များ ကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။
“စားသောက်ရေးအတွက် ဆန်ကတော့ ရှိသေးတယ် ဆိုသော်ငြား တစ်လစာ မပြည့်တော့ပါဘူး။ အဓိက လက်ရှိလိုအပ်နေတာ ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတယ်” ဟု ကိုစောဝင်းစိုးက ပြောကြားသည်။
“ရွာကိုပြန်ချင်ပါပြီ။ အိမ်ကိုလည်းလွမ်းတယ်။ ကျွဲနွားတွေကို လွမ်းတယ်။ ထမင်းပူပူ ဟင်းပူပူကို ငရုတ်သီးတောင့်နဲ့ စားရတဲ့ မိသားစု အိမ်ထမင်းဝိုင်းကိုလည်း လွမ်းလှပါပြီ။ ဆရာတော်ရဲ့ ပြန်ကြတော့ဆိုတဲ့ အမိန့်ကိုပဲ နားစွင့်နေကြတာပါ” ဟု မြိုင်ကြီးငူဒေသတွင် ခိုလှုံနေရသည့် အသက် ၇၀ အရွယ်ရှိ အဖူစောက ပြောကြားသည်။
မြိုင်ကြီးငူ-မဲသဝေါ လမ်းတစ်လျှောက် ကားလမ်းအတိုင်းသာ တပ်မတော်၊ နယ်ခြားစောင့်တပ်တို့မှ လုံခြုံရေးရယူပြီး စစ်မြေပြင် အင်ဂျင်နီယာတပ်တို့မှ မိုင်းရှင်းလင်းရေး ဆောင်ရွက်ခဲ့သော်လည်း ကျေးလက်တော ရွာသွားလမ်းများ၊ လယ်၊ တောင်ယာများတွင် မိုင်းရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း ဘားအံမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။  

Most Read

Most Recent