ပြည်ပကုန်သွယ်မှု အဓိကဆောင်ရွက်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ကုန်သွယ်မှု ပမာဏဒေါ်လာသန်း ၄၉၀ ကျော် ကျဆင်း

ပြည်ပကုန်သွယ်မှု အဓိကဆောင်ရွက်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ကုန်သွယ်မှု ပမာဏဒေါ်လာသန်း ၄၉၀ ကျော် ကျဆင်း
Published 27 December 2016

ပြည်ပကုန်သွယ်မှု အဓိက ဆောင်ရွက်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၄၉၀ ကျော် ကျဆင်းခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့်ကုန်သွယ်မှု ဆိုင်ရာစာရင်းများအရ သိရသည်။
လက်ရှိဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှဒီဇင်ဘာ ၁၆ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၈၇၁၄ ဒသမ ၂၁၂ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူ ထက်ဒေါ်လာ ၃၄၃ ဒသမ ၅၅၃ သန်းလျော့နည်းခဲ့သည်။
ဒီဇင်ဘာ ၁၆ ရက်အထိ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃၇၄၂ ဒသမ ၃၀၀ သန်း၊ နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၄၉၇၁ ဒသမ ၉၁၂ သန်းပါဝင်ကြောင်း သိရသည်။
ပြည်ပကုန်သွယ်မှု အများဆုံးဆောင်ရွက်နေသည့် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ  ၄၉၀ ဒသမ ၄၈၈ သန်းလျော့နည်ခဲ့ပြီး နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ယခင် ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၁၄၆ ဒသမ ၉၃၅ သန်းပိုမိုခဲ့ကြောင်း သိရသည်။ ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏ ကျဆင်းခြင်းမှာ သွင်းကုန်တင်သွင်းမှုအပိုင်းတွင် လျော့ကျခြင်းကြောင့်ဖြစ်ပြီး ပို့ကုန်အပိုင်းတွင်မူ ယခင်ဘဏ္ဍာနှစ် ကာလတူထက်ပိုမို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် အများစုမှာ သယံဇာတအပေါ် အခြေခံနေသည့်အတွက် လက်ရှိဘဏ္ဍာနှစ် အပါအဝင် ဘဏ္ဍာနှစ် ငါးနှစ်အတွင်း စက်မှုထွက်ကုန်နှင့် ကုန်ပစ္စည်း အသစ်များတင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားချက်အရ သိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိပို့ကုန်တင်ပို့မှု ပုံစံသည် သဘာဝရင်းမြစ်များဖြစ်သည့် သဘာဝဓာတ်ငွေ့၊ သစ်၊ စိုက်ပျိုးရေးထုတ်ကုန်နှင့် ရေထွက်ပစ္စည်းအစရှိသည့် အနည်းငယ်သော ကုန်စည်များအပေါ်တွင်သာ အဓိက ထားနေကြောင်း၊ ထို့ကြောင့် ဝန်ဆောင်မှုလုပ်ငန်းများကို ပံ့ပိုးပေးနိုင်မည့် စီးပွားရေးဆိုင်ရာ အခြေခံကောင်းများ တိုးတက်လာစေရေးနှင့် တန်ဖိုးမြှင့်ကုန်စည်များ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ရေး ပို့ကုန်မူဝါဒတစ်ခုကို ချမှတ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်အများစုသည် သဘာဝသယံဇာတ အရင်းအမြစ်များကိုသာ အခြေခံနေသည့်အတွက် စက်မှုထွက်ကုန်နှင့် ကုန်ပစ္စည်းအသစ်များ တင်ပို့နိုင်ရန်အတွက် ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သွင်းကုန်ပိုင်းတွင်လည်း မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်း တင်သွင်းမှုမှာ ပမာဏများပြားနေသဖြင့် ဒုတိယ ကာလတို ငါးနှစ်စီမံကိန်းကာလအတွင်း မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒအားပြန် လည်သုံးသပ်သင့်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent