ပလိပ်စက်ရုံ ဆန္ဒပြမှု ခုနစ်လခန့် ကြာမြင့်လာသော်လည်း ပြေလည်မှု မရှိသဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အပြီးသတ် ညှိနှိုင်းပေးရန် ဆန္ဒပြ အလုပ်သမားများက စာတင်မည်

ပလိပ်စက်ရုံ ဆန္ဒပြမှု ခုနစ်လခန့် ကြာမြင့်လာသော်လည်း ပြေလည်မှု မရှိသဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အပြီးသတ် ညှိနှိုင်းပေးရန် ဆန္ဒပြ အလုပ်သမားများက စာတင်မည်
Published 27 December 2016
လဲ့လဲ့အောင်

ပလိပ်မြို့ ပန်ဒါချည်မျှင်စက်ရုံ ဆန္ဒပြ အလုပ်သမားများ ဆန္ဒပြမှု ခုနစ်လခန့် ကြာမြင့်ပြီဖြစ်သော်လည်း အလုပ်ရှင် အလုပ်သမား ပြေလည်မှု မရရှိသေးသည့်အတွက် ဆန္ဒပြ အလုပ်သမားများက တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အပြီးသတ် ညှိနှိုင်းပေးရန် စာတင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ပလိပ်မြို့ ပန်ဒါချည်မျှင်စက်ရုံ ဆန္ဒပြ အလုပ်သမားများက ဒီဇင်ဘာ ၁၀ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုအရ အလုပ်သမားများဘက်မှ တောင်းဆိုထားသည့် အချက်များနှင့် ပတ်သက်၍ အားလုံးပြေလည်မှု ရရှိခဲ့ပြီး နှစ်ဦးနှစ်ဖက် သဘောတူ စာချုပ်ချုပ်ဆိုရန် စောင့်ဆိုင်းလျက်ရှိရာတွင် အလုပ်ရှင်ဘက်မှ ပြန်ကြားချက်တွင် အချို့အချက်များကို မလိုက်လျောနိုင်သည့်အတွက် လက်ရှိအချိန်ထိ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးပေ။
“တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ နောက်ဆုံးအကြိမ် ညှိနှိုင်းတဲ့အခါမှာ အလုပ်သမားတွေဘက်က တင်ပြတဲ့ အလုပ်ထုတ်ထားတဲ့ အလုပ်သမားခေါင်းဆောင် လေးယောက်ကို ပြန်ခန့်မယ်ဆိုတာ အပါအဝင် အချက် ၂၈ ချက်ကို သဘောတူညီမှု ရရှိခဲ့တယ်။ အခု နှစ်ဦးသဘောတူ စာချုပ်ချုပ်ဖို့ မူကြမ်းထွက်လာတဲ့ အခါမှာ အလုပ်ရှင်က အလုပ်သမား ပြန်ခန့်ပေးရေးမှာ အဲဒီအလုပ်သမားတွေကို ပြန်မခန့်နိုင်ဘူးလို့ ပါရှိပြီး အခြားအချက် ခြောက်ချက်လောက်ကိုလည်း ပြင်ဆင်တာတွေ ပြုလုပ်တဲ့အတွက် သဘောတူညီမှု မရဘဲ မပြေလည်သေးပါဘူး။ ဒါကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အပြီးသတ် ညှိနှိုင်းပေးဖို့ စာတင်သွားမှာပါ” ဟု သပိတ်မှောက် အလုပ်သမား မဇာခြည်ဝင်းက ပြောကြားသည်။
ဆန္ဒပြမှုမှာ ခုနစ်လခန့် ကြာမြင့်နေပြီဖြစ်ကာ ဆန္ဒပြမှုများ အကြိမ်ကြိမ်၊ ဆွေးနွေးမှုများ အမြောက်အများ ပြုလုပ်ခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ခြင်းကြောင့် နိုဝင်ဘာလတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ ၁၂ ဦး ပါဝင်သည့် ကြားဝင်စေ့စပ် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပေးခဲ့ပြီး အလုပ်ရှင်နှင့် သပိတ်မှောက် အလုပ်သမားများကြား ကြားဝင် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ရာ အလုပ်သမားများဘက်မှ တင်ပြတောင်းဆိုထားသည့် အချက် ၂၈ ချက်ရှိပြီး အစိုးရအဖွဲ့ အပါအဝင် အလုပ်သမား၊ အလုပ်ရှင် သုံးပွင့်ဆိုင် ညှိနှိုင်းမှု အချိန်နှစ်လခန့် ကြာခဲ့သည်။
“အစိုးရအဖွဲ့ အနေနဲ့လည်း သုံးပွင့်ဆိုင် ညှိနှိုင်းစဉ်က ပြေလည်မှု ရရှိပြီးသားတွေနဲ့ ပတ်သက်ပြီး တိတိကျကျ ဆုံးဖြတ်ပေးဖို့ လိုအပ်ပါတယ်။ အခုစာတင် တောင်းဆိုညှိနှိုင်းမှုကို ဒီဇင်ဘာလကုန်နဲ့ ဇန်နဝါရီလဆန်းအတွင်း လုပ်ပေးနိုင်ဖို့ မျှော်လင့်တယ်။ အဲဒီဆွေးနွေး ညှိနှိုင်းမှု ရလဒ်ကိုကြည့်ပြီးတော့ အလုပ်သမားတွေ အနေနဲ့ ဆုံးဖြတ်ချက်ချသွားမှာပါ” ဟု မဇာခြည်ဝင်းက ဆိုသည်။   

Most Read

Most Recent