ပြည်ပသို့ Re –Export စနစ်ဖြင့် ပို့ကုန်တင်ပို့မှုများမှ နိုင်ငံခြားငွေများ ပြည်တွင်းသို့ ပြန်လည်စီးဝင်ရေး ဗဟိုဘဏ်၊ စီးပွား/ ကူးသန်းနှင့် ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိ

ပြည်ပသို့ Re –Export စနစ်ဖြင့် ပို့ကုန်တင်ပို့မှုများမှ နိုင်ငံခြားငွေများ ပြည်တွင်းသို့ ပြန်လည်စီးဝင်ရေး ဗဟိုဘဏ်၊ စီးပွား/ ကူးသန်းနှင့် ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိ
Re –Export စနစ်ဖြင့် ပို့ကုန်တင်ပို့မှုရှိသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Re –Export စနစ်ဖြင့် ပို့ကုန်တင်ပို့မှုရှိသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 27 December 2016
နီလာ

ပြည်ပသို့ Re –Export စနစ်ဖြင့်  ပို့ကုန်များ တင်ပို့မှုမှ နိုင်ငံခြားငွေများ ပြည်တွင်းသို့ ပြန်လည်စီးဝင်ရေးကို မြန်မာနိုင်ငံဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအပြင် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“Re – Export အဲဒီလိုရှိတဲ့အတွက် Re –Export စနစ်က လက်ရှိမှာ သကြားဈေးက သကြားထွက်တဲ့အချိန်ဆိုတော့ ဈေးကျတယ်။ တရုတ်ကလည်း ဈေးမြှင့်ပြီး ဝယ်ပေးတေယ်။ ဝယ်တဲ့ဈေးက တစ်တန်ကို ဒေါ်လာ ၄၀၀ နဲ့ ၅၀၀ ကြားထဲမှာပဲရှိတယ်။ ရောင်းတဲ့ ဈေးက ၈၀၀ ဝန်းကျင်လောက်ရှိနေတယ်။ ဘာပဲပြောပြော ကုန်သည်တွေအနေနဲ့ ထိုက်သင့်တဲ့ အကျိုးအမြတ်ရတာပေါ့။ အဲဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မယ်။ ငွေဝင်ဖို့ကိစ္စကိုလည်း အဓိကဆောင်ရွက်နေတယ်။ အဲဒီလိုဆောင်ရွက်ဖို့အတွက်လည်း တစ်ဖက်က သက်ဆိုင်ရာ ဘဏ်တွေရယ်၊ ဗဟိုဘဏ်ရယ်၊ စီးပွား/ ကူးသန်းရယ်၊ စီမံ/ဘဏ္ဍာရယ်ပေါ့။ အဖွဲ့တွေဖွဲ့ပြီး ငွေဝင်မဝင်ကိစ္စတွေ စစ်ဆေးနေတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
“လက်ရှိမှာတော့ တော်တော်များများက ပြန်ဝင်လာကြပြီ။ ကျွန်တော်တို့ဘက်ကတော့ လိုင်စင်ထုတ်ပေးတဲ့အချိန်မှာ ငွေဝင်တဲ့ အထောက်အထားပြမှပဲ ထပ်ပြီးထုတ်ပေးမယ်။ ဥပမာ-တတိယအကြိမ် လာလျှောက်တယ်ဆိုရင် ပထမအကြိမ် တင်ပို့တဲ့တန်ဖိုးရဲ့ ငွေဝင်တဲ့အထောက်အထားကို ပြရမယ်။ ဒုတိယအကြိမ်အတွက်ကို တင်ပို့ပြီးတဲ့ အထောက်အထားတွေပြရမယ်။ ပြီးရင် ဒုတိယအကြိမ်အတွက်ကို တစ်လအတွင်း ငွေဝင်မယ်ဆိုတဲ့ ကတိခံဝန်ချက်ပေးရမယ်။ အဲဒီလိုပေးမှပဲ လိုင်စင်ထုတ်ပေးမယ်ဆိုတဲ့အခါကျတော့ ငွေဝင်တဲ့အထောက်အထားပြမှပဲ ထပ်ပြီးသွင်းကုန် လိုင်စင်ထုတ်ပေးတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ဗဟိုဘဏ်တို့နဲ့ ပေါင်းပြီး ဆောင်ရွက်နေပါတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။
လက်ရှိအချိန်၌ သကြား၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ကွမ်းသီး၊ မြေပဲ၊ နှမ်း၊ တာယာ စသည့် ပြည်ပပို့ကုန်များကို Re –Export စနစ်ဖြင့်ခွင့် ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ Re –Export စနစ်ဖြင့် ကုန်သွယ်မှု ဆောင်ရွက်ခြင်းသည် နိုင်ငံတော်အတွက် အခွန်အခများ ပိုမိုတိုးတက်စေသည့်အပြင် ကုန်သွယ်မှုပမာဏ တိုးတက်မှုကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည် ဖြစ်သည့်အတွက် ဆက်လက်ခွင့်ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။           

Most Read

Most Recent